ဩဂုတ် ၃၁၊ The Nation Voice
စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်၊တည်ပင်ဆိပ်ရွာကို အကြမ်းဖက်ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့လို့ ပြည်သူ (၈)ဦးအထိ သေဆုံးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြထားပါတယ်။ သေဆုံး ပြည်သူတွေရဲ့ အလောင်းတွေကို နေအိမ်ထဲ ထည့် မီးရှို့ခဲ့တယ်လို့လည်း ဖော်ပြထားပြီး စစ်ကောင်စီတပ်တွေဟာ နေအိမ်တွေမှာ မွှေနှောက်ပြီး ပြည်သူလူထုပိုင် ပစ်စ္စည်းတွေကို လုယက်ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ရွာခံတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး လူဦးရေ (၃၀)ခန့်ရှိတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ပါတယ်။ ဒေသတွင်း စစ်ရေးအခြေအတွေကို ဖော်ပြနေတဲ့ Infinity Group ကလည်း စစ်ကောင်စီတပ် သတ်ဖြတ် စွန့်ပစ်ထားတဲ့ ရုပ်အလောင်းနဲ့ မီးရှို့ထားတဲ့ရုပ်အလောင်း (၈)လောင်း တွေ့ရှိထားပြီး သေဆုံးသူတွေရဲ့အရိုးစုတွေသာတွေ့ရတဲ့အတွက် ဘယ်သူတွေဆိုတာ အတည်မပြုနိုင်သေးဘူးလို့ အသိပေးထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီက တည်ပင်ဆိပ်ကျေးရွာကို ဝင်ရောက်တပ်စွဲတဲ့ ရက်တွေက ရွာထဲမှာပိတ်မိနေတဲ့ အရပ်သားပြည်သူတချို့ကို သတ်ဖြတ်ကာ မူးမြစ်ထဲကို မျှောပြီး အလောင်းဖျောက်တာတွေလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၂၉ ရက် ညနေပိုင်းက မူးမြစ်ထဲမျောပါလာတဲ့ တည်ပင်ဆိပ်ရွာသား အသက် ၄၀ ဝန်းကျင် ဦးတင်မင်းရဲ့ ရုပ်အလောင်းကို ကောလင်းမြို့နယ် ခေါင်းဖြူရွာက ဆယ်ယူသင်္ဂြိုလ်ပေးခဲ့ရတယ်လို့ ဒေသခံတွေရဲ့ အတည်ပြုချက်နဲ့ Infinity Group က ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်သည် ကန့်ဘလူအထက်ပိုင်းဒေသကို ဩဂုတ်လ ၂၃ ရက်ကနေ ဒီကနေ့ ဩဂုတ်လ ၃၁ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိရာ တစ်ပတ်အတွင်း ပြည်သူလူထုတွေကို ဓါးစာခံအဖြစ်ဖမ်းဆီးတာ၊အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ပကဖ အဖွဲ့ဝင်တချို့ကို သတ်ဖြတ်တာနဲ့ ကျေးရွာတွေကို မီးရှို့တာတွေလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။




