AAနဲ့ စစ်ကောင်စီတပ် ရသေ့တောင်မြို့နယ်မှာ ၂ရက်ဆက် တိုက်ပွဲဖြစ်

ဩဂုတ် ၃၁၊ The Nation Voice

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ (၂)ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။ ရသေ့တောင်နဲ့ ဘူးသီးတောင်အစပ်တစ်နေရာမှာ ဩဂုတ် ၃၀ရက်ညပိုင်းနဲ့ ဒီကနေ့ ဩဂုတ် ၃၁ရက် မနက်မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့က ရေလမ်း၊ ကုန်းလမ်းကနေ ရသေ့တောင်နဲ့ ဘူးသီးတောင်အစပ်က ရေစိုးချောင်းဗျူဟာကို လက်နက်တွေ၊ လူတွေ၊ ရိက္ခာတွေ ပေးဖို့သွားတာ။ အဲဒါကို AAက ဖြတ်တိုက်တာ။ သူတို့ကလည်း အင်အားအများကြီးဆိုတော့ ပြန်ပြီးတိုက်တာ” လို့ရခိုင်ဒေသခံက ပြောပါတယ်။ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ ရခိုင်ပြည်နယ် မောင်းတောမြောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ချင်းပြည်နယ် ပလက်၀မြို့နယ်မှာလည်း AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် မြောက်ဦးမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်ကို AA က မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်တွေ သေဆုံးထိခိုက်များပြားခဲ့တယ်လို့ ဆိုပါတယ်။ အထိနာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူလူထု တွေသေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *