စစ်သား (၆) ယောက်ကိုပစ်သတ်သွားတဲ့ စစ်သား နှစ်ဦးကို စစ်ကောင်စီတပ်တွေ အပူတပြင်းလိုက်ရှာနေ

စက်တင်ဘာ ၁၊The Nation Voice

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ စစ်ပင်ကွင်းရွာရဲ့သေနတ်ပစ်ကွင်းမှာ အစောင့်စစ်သား နှစ်ယောက်က စစ်သား (၆) ယောက်ကို ပစ်သတ်သွားတယ်လို့ Thanlyin Channel ကနေ သိရပါတယ်။ ” စခတွေ လာလေ့ကျင့်နေတာ။ 31 Aug ညက (၁၁) နာရီမထိုးခင်မှာ သေနတ်ပစ်သံကြားတယ်။အစောင့်စခ (၂) ယောက်က စခ (၆) ကောင်ကိုပစ်သတ်သွားတယ်။ အဲဒီသေနတ်ပစ်ကွင်းနားမှာ သန်လျင်ရေတပ်က တက ဇော်မိုးဦးတဲရှိတယ်။

သူ့မိန်းမနဲ့သမီးအကြီးပါ ပစ်သတ်သွားတယ်”လို့ Thanlyin Channel က ဖော်ပြထားပါတယ်။ ပစ်ခတ်သွားတဲ့ စစ်သား နှစ်ဦးဟာ ဒီနေ့မနက်ပိုင်းအထိ လက်နက်နဲ့အတူ ပျောက်ဆုံးနေပြီး စစ်ကောင်စီတပ်တွေက သန်လျင်မြို့ကိုပိတ်ချပြီး ခြောက်လမ်းသွားလမ်းဆုံနဲ့ ကုလားဝဲ အတက် အဆင်း၊ တိုင်ရင်းသားကျေးရွာအရှေ့မှာ ကားတိုင်းကို အင်အားအပြည့်နဲ ပိတ်ဆို့စစ်ခဲ့ပြီး ယခုအချိန်အထိ သန်လျင်မြို့ကို ပိုက်စိပ်တိုက် ရှာဖွေနေတယ်လို့ သိရပါတယ်။ ယနေ့မနက်ပိုင်းအထိ ပိတ်ဆို့ရှာဖွေနေတဲ့စစ်ကောင်စီတပ်တွေဟာ အလုပ်သွားနေတဲ့ ပြည်သူတွေကို လမ်းဆင်းလျှောက်ခိုင်းပြီး မှတ်ပုံမပါပါက ပြန်လည်စေလွှတ်ကာ မြို့အတွင်းကို ပေးမဝင်ဘူးလို့လည်း အလုပ်သွားနေသူတစ်ဦးက ပြောပါတယ်။

ယမန်နေ့ညကလည်း မြို့တော်ခန်းမအနီးမှာ ည (၈) နာခွဲအချိန်ကတည်းက လျှပ်စစ်မီးများပျက်တောက်ခဲ့ပြီး ည (၁၁) နာရီ ခန့်မှာတစ်ကြိမ်၊ (၁၂) နာရီခွဲအချိန်မှာ တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယနေ့ တစ်မနက်လုံး စစ်ကောင်စီတပ်တွေဟာ ရန်ကုန်မြို့အတွင်း ခြေရှုပ်နေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *