စစ်ကောင်စီကို ဆက်ကြေးပေးပြီး လောင်းကစားဝိုင်းလုပ်နေတဲ့ ပခုက္ကူက လောင်းကစားဒိုင် (၂)ဦးနဲ့ ထိုးသား (၁)ဦးကို PDF ဖမ်းဆီး

စက်တင်ဘာ ၂၊ The Nation Voice

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို နေ့စဉ် ဆက်ကြေးပေးပြီး လောင်းကစားဝိုင်းပြုလုပ်နေတဲ့ ဒိုင် (၂)ဦးနဲ့ ထိုးသား (၁)ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ PKU N PDF က ဒီကနေ့ စက်တင်ဘာ (၂) ရက်မှာ ထုတ်ပြန်ပါတယ်။ ပခုက္ကူမြို့ရှောင်လမ်း၊ မီးရထားသံလမ်းတောင်ဘက်နားမှာ လောင်းကစားဝိုင်းလုပ်နေချိန် သြဂုတ် (၃၁) ရက် နေ့လယ် (၂) နာရီလောက်မှာ PKU N PDF နဲ့ ညီနောင်မဟာမိတ်ဖြစ်တဲ့ Royal Defense Force အဖွဲ့တို့က ဝင်ရောက်စီးနင်း ဖမ်းဆီးအရေးယူခဲ့တာလို့ ဆိုပါတယ်။

အဲဒီလောင်းကစားဂျင်ဝိုင်းကနေ လောင်းကစားငွေသားတချို့နဲ့ ဖုန်း(၆)လုံးကို သိမ်းဆည်းခဲ့ပြီး ဂျင်ဘက်ဒိုင် ဒေါ်အိဖြူ၊ ဂျင်လှည့်ဒိုင် ဦးတင်ထွန်းနဲ့ ဂျင်ထိုးသား ဦးထွန်းထွန်းတို့(၃)ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။ ” သတင်းရရှိမှုနှင့် စစ်ဆေးမေးမြန်းချက်များအရ ဂျင်ဘက်ဒိုင် ဒေါ်အိဖြူသည် စစ်အစိုးရ ရဲစခန်းအား ဂျင်ဝိုင်းများပြုလုပ်ရန်အတွက် တစ်နေ့လျှင် ငွေကျပ် (၁၅၀,၀၀၀) နှင့် (၂၀၀,၀၀၀) အကြားနေ့စဥ် ပေးဆောင်၍ တစ်လလျှင် သိန်း (၅၀)နှင့် (၆၀)အကြား ပေးဆောင်ကာ ဂျင်လောင်းကစားဝိုင်းများပြုလုပ်နေသည်ဟု သိရှိရပါသည် ” လို့ PKU N PDF က ထုတ်ပြန်ပါတယ်။

အလားတူ ဂျင်လှည့်ဒိုင် ဦးတင်ထွန်းမှာလည်း ဂျင်လောင်းကစားဝိုင်းမှာ စစ်ကောင်စီကို ငွေပေးဆောင်ကာ ဂျင်ဝိုင်းတွေမှာ လှည့်ပြီး ဂျင်လှည့်ဒိုင်ပြုလုပ်နေတဲ့အတွက် ဒေါ်အိဖြူနဲ့ ဦးတင်ထွန်းတို့ (၂)ဦးကို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်သတိပေးလိုက်ပြီး ထိုက်သင့်တဲ့ ဒဏ်ငွေရိုက်ကာ စက်တင်ဘာ (၁) ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဂျင်ထိုးသား ဦးထွန်းထွန်းဆိုသူကိုတော့ ဆက်လက်စစ်ဆေးမေးမြန်းရန်ရှိတာကြောင့် ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

” ၎င်းဂျင်ဝိုင်းမှ သိမ်းဆည်းရမိသည့်ငွေနှင့် ဒဏ်ရိုက်၍ ရရှိသောငွေများအား တော်လှန်ရေးရန်ပုံငွေအဖြစ် လက်နက်ခဲယမ်းများ ဝယ်ယူရန်အတွက် အသုံးပြုသွားပါမည် ” လို့ PKU N PDF က အသိပေးပါတယ်။ ပခုက္ကူမြို့ပေါ်နဲ့ မြို့အနောက်ဘက်ရှိ ကျွန်းညိုကြီးရွာ၊ ရွှေပေးရွာတွေမှာ ဂျင်လောင်းကစားဝိုင်း(၇)ဝိုင်း ရှိနေတယ်လို့ ကြားသိရပြီး အဲဒီ လောင်းကစားဝိုင်းတွေရဲ့ တည်နေရာ၊ ဂျင်ဘက်ဒိုင်နဲ့ ဂျင်လှည့်ဒိုင် စာရင်းတွေ အတိအကျရရှိထားပြီလို့လည်း ဖော်ပြပါတယ်။

ဒါကြောင့် အဲဒီလောင်းကစားဝိုင်းတွေ ရပ်တန်းကရပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးထားပြီး လိုက်နာမှုမရှိဘူးဆိုရင် စစ်ကောင်စီကို တစ်ဖက်တလမ်းက ပံ့ပိုးကူညီပေးနေတဲ့ ဂျင်လောင်းကစားဝိုင်းတွေကို ညှာတာနေမှာမဟုတ်ဘဲ ပစ်ခတ်ဖမ်းဆီးသွားမယ်လို့ ဆိုပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဂျင်လောင်းကစားဝိုင်းတွေနဲ့ ခပ်ဝေးဝေးနေကြဖို့ PKU N PDF က ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲ မင်းသားမင်းသမီးပုံတွေနဲ့ပြုလုပ်တဲ့ လောင်းကစားဝိုင်းတစ်ခုအားတွေ့ရစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *