စက်တင်ဘာ ၂၊The Nation Voice
တစ်နှစ်အတွင်းမှာပေါ်ပေါက်လာတဲ့ PDF တွေကို စစ်ကောင်စီက လုံးဝချေမှုန်းလို့မရတော့တဲ့အတွက် ဒီတော်လှန်ရေး အောင်မြင်မှာလားလို့ မေးစရာမလိုဘဲ သေချာပေါက်အောင်မြင်မယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
အဲဒီလိုပြောဆိုတာကို ဒီနေ့မှာပြုလုပ်နေတဲ့ NUG ဘာလုပ်နေလဲ ပြည်သူများနှင့် အမေးအဖြေအစီအစဥ်မှာ စစ်ရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မေးမြန်းစဉ်မှာ ဦးရည်မွန်က အခြေအနေတွေကို တင်ပြနေစဉ်ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ PDF ဆိုတာက ဒီနေ့ဒီချိန်ထိ စစ်ကောင်စီ ဘယ်လိုမှချေမှုန်းလို့ မရနိုင်တော့တဲ့ အင်အားတစ်ခုဖြစ်ပေါ်ပေါက်လာပြီဆိုတာ တစ်နှစ်အတွင်း ထူးခြားတဲ့ ရလဒ်တစ်ခုဖြစ်တယ်။ ဒါကြောင့် ဒီတော်လှန်ရေးအောင်မှာလားလို့မေးရင် တော်လှန်ရေးအောင်ဖို့ ရေခံ၊ မြေခံ အားလုံး ကျွန်တော်တို့ရှိတယ် ” လို့ ဦးရည်မွန်က ပြောပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရက စစ်ကောင်စီကိုတော်လှန်ဖို့အတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာ (၇) ရက်နေ့ D-Day ခေါ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာ (၇) ရက်ဆိုရင် တစ်နှစ်ပြည့်ပြီဖြစ်တဲ့အတွက် လာမည့် တစ်နှစ်အတွင်း ဆောင်ရွက်မယ့် မဟာဗျူဟာတွေကို ညှိနှိုင်း ဆွေးနွေးမှုတွေပြုလုပ်ပြီး မဟာမိတ်တွေ၊ ပြည်သူတွေ၊ နိုင်ငံတကာကို အသိပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ လာမယ့်နှစ်က အင်မတန်အရေးကြီးပါတယ်။ တော်လှန်ရေးအင်အားစုအားလုံး လက်တွဲပြီး အစွမ်းကုန် ညီညီညွှတ်ညွှတ် အလုပ်လုပ်ခြင်းအားဖြင့် တော်လှန်ရေးပန်းတိုင်ရယူဖို့ ပြင်ဆင်ရေးဆွဲနေပါတယ် ”လို့ ဦးရည်မွန်က ဆက်လက်ပြောဆိုပါတယ်။
စစ်ရေးဗျူဟာအရ လက်ရှိအချိန်ဟာ ခံစစ်ကာလဖြစ်ပြီး ဒီလိုအချိန်မှာပင် စစ်ကောင်စီကိုအခြေယိုင်အောင်လုပ်ထားနိုင်ပြီဖြစ်တဲ့အတွက် ယခုတော်လှန်ရေးကို ပြည်သူအားလုံးက ဂုဏ်ပြုသင့်တယ်လို့ ထပ်မံပြောဆိုလိုက်ပြီး ဒေသတိုင်းမှာ တော်လှန်စစ်ကို လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
