ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် NUG သတ်မှတ်

စက်တင်ဘာ ၂၊ The Nation Voice

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရပ်သားလမ်း၊ ခြံအမှတ် ၅၄-၅၆၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံဝင်းထဲက ရွှေ့ပြောင်း၍မရသော အဆောက်အအုံအားလုံးကို ကြားကာလ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား အငြင်းပွားခဲ့တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံအမှတ် (၅၄) နေအိမ်ရဲ့ အမွေဆိုင်အမှုကို စစ်ကောင်စီတရားရုံးက ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ပြီး တစ်ဝက်ဆီခွဲဖို့ သတ်မှတ်ခဲ့ပြီးနောက် NUG က အခုလိုသတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီလိုသတ်မှတ်လိုက်တဲ့အတွက် အဲဒီမြေနဲ့ အဆောက်အဦးကို မည်သူမဆိုပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ဖို့ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချဖို့ကြိုးစားခြင်း၊ ဖျက်စီးခြင်း၊ ဖျက်စီးဖို့ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်းအသုံးချခြင်းတို့ကို တင်းကြပ်စွာတားမြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီသတ်မှတ်ချက်ကို ဖောက်ဖျက်မယ်ဆိုရင်တော့ ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကိုကန့်သတ်တဲ့ဥပဒေ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတို့နဲ့အညီ အရေးယူမယ့်အပြင် အဆိုပါလူပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို အမည်ပျက်စာရင်းသွင်းမယ်လို့ ယာယီသမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ထားပါတယ်။

ခြံအမှတ် (၅၄) ဟာ အမေရိကန်သမ္မတအိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟင်လာရီကလင်တန်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ လာရောက်ခဲ့ဖူးတဲ့ နေရာလည်းဖြစ်ပါတယ်။ #thenationvoicemyanmar #ခြံအမှတ်(၅၄) #ဒေါ်အောင်ဆန်းစုကြည်နေအိမ် #အမျိုးသားယဉ်ကျေးမှုအမွေအနှစ်

Leave a Reply

Your email address will not be published. Required fields are marked *