မင်းလှ PDF နဲ့ မဟာမိတ်တွေရဲ့ အထိုင်ချစခန်းကို စစ်အုပ်စုက အင်အား (၃၀၀)လောက်နဲ့ ဝင်စီးဖို့လုပ်၊ နင်းမိုင်း၊ တိုက်မိုင်းများနဲ့ ခုခံခဲ့ရာ စကစ (၁၀)ခန့်သေပြီး ပြန်ဆုတ်သွား

စက်တင်ဘာ ၂၊ The Nation Voice

မင်းလှ PDF နဲ့ မဟာမိတ်တွေရဲ့ အထိုင်ချစခန်းကို စစ်အုပ်စုက အင်အား (၃၀၀)လောက်နဲ့ ဝင်စီးဖို့လုပ်တာကြောင့် နင်းမိုင်း၊ တိုက်မိုင်းများနဲ့ ခုခံခဲ့ရာ စစ်ကောင်စီတပ်သား (၁၀) ဦးခန့်သေပြီး နောက်ပြန်ဆုတ်သွားတယ်လို့ မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ (၁) ရက်မှာ ထုတ်ပြန်ပါတယ်။

သြဂုတ် (၃၀) ရက်၊ မနက် (၅) နာရီဝန်းကျင်လောက်က မင်းလှနယ် ဝက်ချုပ်ကျေးရွာအနီးရှိ မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်ကောင်စီလက်အောက်ခံ ကပစ (၂)၊ ကပစ(၁၀)၊ ကပစ(၁၃) တပ်မ(၈၈) လက်အောက်ခံ ခလရ(၈၃)တပ်နဲ့ ထောက်/ပို့(၉၄၉) ပူးပေါင်းတပ်များမှ ပင်မစစ်ကြောင်းအင်အား(၁၀၀)၊ ပိတ်ဆို့စစ်ကြောင်း(၄)ကြောင်း ခန့်မှန်းအင်အား (၂၀၀) ခန့်နဲ့ ထိုးစစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။

” ကျွန်တော်တို့ မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များအနေဖြင့် ပြင်ဆင်ချိန် အလုံအလောက်မရှိခဲ့သဖြင့် အလစ်အငိုက်မိသည့်သဘောဖြစ်သည့်အတွက် စခန်းနှင့် လာရာလမ်းကြောင်းတစ်ချို့အား နင်းမိုင်း၊ တိုက်မိုင်းများဖြင့် စွန့်လွှတ်မိုင်းများ တတ်နိုင်သလောက် သတင်းရရှိသည့် နာရီဝက်ခန့်အတွင်း ထောင်ထားနိုင်ခဲ့ပါသည် ” လို့ ထုတ်ပြန်ပါတယ်။

အထိုင်ချစခန်းကို ဝင်ရောက်စီးနင်းဖို့လာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၂)ချက်၊ စက်လတ်များ၊ လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ စခန်းတည်နေရာသို့ ဦးတည်ပစ်ခတ်ခဲ့ပြီး ရန်သူဘက်မှ မိုင်းကွင်းနှင့် စခန်းပတ်ချာလည်မှ မိုင်းများနင်းမိကာ (၁၀)ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ” စခအလောင်းများနှင့် ဒဏ်ရာရသူများကိုသယ်ဆောင်၍ နောက်ဆုတ်သွားခဲ့ပါသည် ” လို့ မင်းလှ PDF က ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆိုင်ကယ်(၃)စီး၊ ဓာတ်ဆီ (၅) ပုံး၊ လက်လုပ်မိုင်း (၃)လုံး၊ မီးစက်၊ ကြိုးခွေ စတဲ့ပစ္စည်းအချို့ ပျက်စီးဆုံးရှုံးခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ မင်းလှ PDF က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *