စက်တင်ဘာ ၂၊ The Nation Voice
မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ဟောင်းနဲ့ သူ့ခင်ပွန်းဖြစ်သူမြန်မာအမျိုးသားနိုင်ငံရေးအကျဉ်းသားဟောင်း တို့ကို မြန်မာစစ်ကောင်စီက ထောင်ဒဏ်တနှစ်စီချမှတ်လိုက်ပါတယ်။ ဗစ်ကီ ဘိုးမန်းနဲ့ ခင်ပွန်း နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထိန်လင်းတို့ကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုနဲ့ စွဲချက်တင်ထားတာပါ။ပြီးခဲ့တဲ့တပတ်က ရန်ကုန်မှာရှိတဲ့သူတို့အိမ်မှာ သူတို့ (၂)ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
မစ္စ ဘိုးမန်းဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ စစ်ကောင်စီရဲ့အစောပိုင်းထုတ်ပြန်ချက်အရ မစ္စ ဘိုးမန်းဟာ မှတ်ပုံတင်ထားတဲ့ ရန်ကုန်မှာမနေဘဲ မြို့တစ်မြို့မှာနေပြီး အာဏာပိုင်တွေကို အသိမပေးတဲ့အတွက် ဥပဒေချိုးဖောက်နေတယ်လို့ ပါဝင်ပါတယ်။သူ့ခင်ပွန်း ကိုထိန်လင်းက အဲ့ဒီလုပ်ရပ်ကို အားပေးခဲ့တဲ့အတွက် ဖမ်းဆီးထားကြောင်းလည်း ပါဝင်ပါတယ်။
မစ္စ ဘိုးမန်းဟာ လက်ရှိမှာ ရန်ကုန်မှာအခြေစိုက်တဲ့ Myanmar Centre for Responsible Business အဖွဲ့အစည်းကို စီမံခန့်ခွဲနေပါတယ်။ကိုထိန်လင်းကတော့ ပန်းချီဆရာ၊ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီး All Burma Student’s Democratic Front (ABSDF) လက်နက်ကိုင်ခုခံရေးအုပ်စုမှာ ပါဝင်ခဲ့သူပါ။ သူတို့ ၂ ဦးလက်ထပ်ပြီးနောက် လန်ဒန်ကိုပြောင်းရွှေ့ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ရန်ကုန်ပြန်ရောက်လာတာပါ။
မြန်မာစစ်အာဏာပိုင်တွေကို ဗြိတိန်က မကြာသေးခင်မှာ ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ပြီးနောက် သူတို့ ၂ ယောက်ကို ဖမ်းဆီးခဲ့တာပါ။ ဒီနေ့သောကြာနေ့အစောပိုင်းမှာပဲ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခံအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲလိမ်လည်မှုစွဲချက်တွေနဲ့ ထောင်ဒဏ် (၃)နှစ် ထပ်မံချမှတ်ခဲ့ပါတယ်။
