စက်တင်ဘာ ၂၊ The Nation Voice
ရွေးကောက်ပွဲလိမ်လည်မှုစွဲချက်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ထိန်းချုပ်ထားတဲ့တရားရုံးက ထောင်ဒဏ် (၃)နှစ်ထပ်မံချမှတ်လိုက်တယ်လို့ သူ့ရှေ့နေတွေကပြောပါတယ်။ မြန်မာနိုင်ငံရဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တွေတသီကြီးနဲ့ စစ်ကောင်စီက စွဲချက်တင်ထားပြီး လက်ရှိမှာ အမှု(၁၁)မှုအတွက် ထောင်ဒဏ်အနှစ် (၂၀)ချမှတ်ထားပါတယ်။ စွပ်စွဲချက်အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုထားပြီး တရားခွင်ဟာ နိုင်ငံရေးလှုံ့ဆော်မှုတွေပါနေတယ်လို့ လူ့အခွင့်အရေးအုပ်စုတွေက ရှုတ်ချထားပါတယ်။
စွဲချက်အားလုံးမှာ အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် နှစ် (၂၀၀)နီးပါးအထိချမှတ်နိုင်ချေရှိပါတယ်။ အခုအမိန့်ထပ်ချတာမှာ အလုပ်ကြမ်းပါပါဝင်နေတယ်လို့ သူ့ရှေ့နေတွေကပြောပါတယ်။ အသက် ၇၆ နှစ်ရှိနေတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဟာ နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်ချိန်အများစုကို ကုန်ဆုံးနေရတာပါ။
တံခါးပိတ်တရားခွင်တွေကို အများသူငါနဲ့ မီဒီယာတွေဝင်ရောက်ခွင့်မပြုထားဘဲ သူ့ရှေ့နေတွေနဲ့ မီဒီယာတွေစကားမပြောနိုင်အောင်လည်း စစ်ကောင်စီဘက်က တားမြစ်ထားပါတယ်။ NLD ပါတီနေရာအများစုအနိုင်ရခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာအထွေထွေရွေးကောက်ပွဲမှာ လိမ်လည်မှုတွေပြုလုပ်ခဲ့တယ်လို့ တရားရုံးက တွေ့ရှိတယ်လို့ဆိုပါတယ်။
အမှီအခိုကင်းမဲ့တဲ့ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေက ရွေးကောက်ပွဲမဲပေးမှုတွေဟာ ပြည်သူတွေရဲ့ဆန္ဒကိုကိုယ်စားပြုတယ်လို့ ပြောနေပေမဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းအကြီးအကျယ်လိမ်လည်ခဲ့တယ်လို့ စွပ်စွဲပြီးနောက် ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးကာ ပုဒ်မတသီကြီးတပ်ပြီး တရားစွဲဆိုမှုတွေပြုလုပ်နေပါတယ်။
