စက်တင်ဘာ ၃၊The Nation Voice
စနေနေ့မနက်အစောပိုင်းမှာ ချင်းရိုင်ခရိုင်အာဏာပိုင်တွေက လူသိများတဲ့ကလပ်တစ်ခုကိုဝင်ရောက်စီးနင်းစစ်ဆေးချိန်မှာ အသက်မပြည့်သေးတဲ့လူငယ် (၃၀၀) ကျော်တွေ့ခဲ့ရပါတယ်။ ခရိုင်အုပ်ချုပ်ရေးဌာနနဲ့ လူငယ်စောင့်ကြည့်လေ့လာရေးနှင့်ကာကွယ်ရေးဌာနတို့ကအရာရှိတွေက ကလပ်ကို မနက် ၂ နာရီမှာ ဝင်ရောက်စီးနင်းခဲ့တာပါ။
အရာရှိတွေကိုမြင်လို့ ကလပ်ထဲဝင်ဖို့စောင့်နေတဲ့လူငယ်တွေ ဆိုင်ကယ်တွေနဲ့ထွက်ပြေးခဲ့ပြီး ကလပ်ထဲဝင်ရောက်ပြီးချိန်မှာ အရက်သောက်ရင်း ကခုန်နေကြတဲ့လူငယ်တွေပြည့်နေတာကို အရာရှိတွေတွေ့ခဲ့ပါတယ်။ သီချင်းပိတ်ပြီး မီးဖွင့်ဖို့ ဝန်ထမ်းတွေကို အရာရှိတွေက ညွှန်ကြားပြီးနောက် အရက်သောက်ခွင့်ပြုထားတဲ့အသက် ၂၀ ပြည့်မပြည့်စစ်ဆေးရာမှာ အငယ်ဆုံးအသက် ၁၆ နှစ်ရှိနေတဲ့လူငယ်တွေအပါအဝင် လူငယ် (၃၂၅)ယောက် အသက်မပြည့်သေးကြောင်းတွေ့ရပြီး အယောက် (၅၀)က အထောက်အထားတွေမပါလာဘူးလို့ အရာရှိတွေကပြောပြပါတယ်။
အရေးပေါ်တံခါး (၃)ပေါက်စလုံးကိုပိတ်ထားပြီး ပိုင်ရှင်ကို အသက် ၂၀ အောက်လူများကို ဝန်ဆောင်မှု၊ တရားဝင်ဆိုင်ဖွင့်ချိန်ထက်ကျော်လွန်ဖွင့်လှစ်မှု၊ လူငယ်များကို အရက်ရောင်းချမှုနဲ့ ဆက်စပ်ပြစ်မှုတွေနဲ့ စွဲချက်တင်ထားပါတယ်။ စီးနင်းမှုအပြီးမှာ ကလပ်လိုင်စင်ပြန်သိမ်းဖို့နဲ့ (၅)နှစ်ပိတ်ခိုင်းထားဖို့ ချင်းရိုင်အုပ်ချုပ်ရေးမှူးကို အဆိုပြုမယ်လို့လည်း အရာရှိတွေကပြောပါတယ်။

