ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ထပ်တိုးမှုအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရှုတ်ချ

စက်တင်ဘာ ၃၊ The Nation Voice

အာဏာသိမ်းမှုအပြီးဖမ်းဆီးခံခဲ့ရတဲ့မြန်မာရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ထပ်တိုးလိုက်တဲ့အပေါ် ရှုတ်ချကြောင်းနဲ့ အာဏာသိမ်းစစ်အုပ်စုကို ထပ်ပြီးဖိအားပေးဖို့တိုက်တွန်းကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကပြောပါတယ်။ “(ဒေါ်)အောင်ဆန်းစုကြည်ကို မြန်မာစစ်အုပ်စုက မတရားအလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ထပ်ချတဲ့အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။

မြန်မာနိုင်ငံမှာ ပြင်းထန်လာတဲ့အကြမ်းဖက်မှုတွေနဲ့ ဒီမိုကရေစီနည်းကျရွေးကောက်ခံထားရတဲ့ခေါင်းဆောင်တွေကို ဖိနှိပ်တာတွေအတွက် စစ်အုပ်စုကို တာဝန်ခံခိုင်းနိုင်ဖို့ ကျွန်တော်တို့အတူတကွပူးပေါင်းဆောင်ရွက်ရပါမယ်”လို့ ဘလင်ကန်ကပြောတာပါ။ တံခါးပိတ်တရားခွင်မှာချမှတ်ခဲ့တဲ့နောက်ဆုံးစီရင်ချက်ကြောင့် မြန်မာနိုင်ငံဒီမိုကရေစီပြယုဂ်ခေါင်းဆောင်နဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ရဲ့ထောင်ဒဏ်ကို နှစ် (၂၀) ရှိလာစေပါပြီ။

သူဦးဆောင်တဲ့ပါတီ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တာဟာ ရွေးကောက်ပွဲလိမ်လည်မှုတွေရှိနေတဲ့အတွက်ကြောင့် စစ်အုပ်စုက စွပ်စွဲပြီး အမိန့်ချခဲ့တာပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီအာဏာသိမ်းမှုနောက်ပိုင်း သူ့ကို ရာထူးကဖယ်ရှားကာ အချုပ်ချထားပြီး ထောက်ခံသူတွေက အကွက်ဆင်တာလို့ပြောတဲ့အကျင့်ပျက်ခြစားမှုစွဲချက်တွေအပါအဝင် စွဲချက်တသီကြီးတင်ထားပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာအာဏာသိမ်းစစ်တပ်ကို ဒဏ်ခတ်အရေးယူမှုတွေဆက်တိုက်ပြုလုပ်ထားပါတယ်။

Source – AFP Photo – AFP

Leave a Reply

Your email address will not be published. Required fields are marked *