မောင်တောမြို့နယ် တိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီတပ် လေကြောင်းအင်အားသုံးတိုက်ခိုက်

စက်တင်ဘာ ၃၊ The Nation Voice

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ခဲ့သလို စစ်ကောင်စီတပ်ရဲ့ ခမောင်းဆိပ်ဗျူဟာကိုလည်း AA က တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မောင်တောမြို့နယ်၊မြန်မာ – ဘင်္ဂလားနယ်စပ် မိုင်တိုင်အမှတ်(၄၀) က စစ်ကောင်စီတပ်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဒီကနေ့မှာ အဲဒီ တပ်စခန်း အနီးဝန်းကျင်ကို လေကြောင်း တိုက်ခိုက်မှုတွေ အင်အားသုံး လုပ်ဆောင်လာတယ်လို့ ဒေသခံက ပြောပါတယ်။

“သူတို့ ကျသွားတဲ့မိုင်တိုင် ၄၀ စခန်းကို သူတို့ ပြန်ရမှာ မဟုတ်ဘူး။ အဓိကတော့ ခမောင်းဆိပ်ဗျူဟာ အလုံးစုံ မကျသွားဖို့ အတွက် သူတို့ ကျားကန်ပြီး တိုက်ခိုက်နေတာလို့ မြင်တယ်။ အဲဒီနေရာကို လေကြောင်း ပစ်ကူနဲ့ လက်နက်ကြီး ပစ်ကူလာတယ်။ မြေပြင်စစ်ကူတွေလုံး၀ လာလို့မရတော့ဘူး။ အခုက စားနပ်ရိက္ခာတွေ လက်နက်တွေတောင် လေယာဉ်တွေနဲ့ ချပေးနေရတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ရခိုင်ဒေသ တိုက်ပွဲတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ တိုးပြီး လုပ်ဆောင်လာနေပြီး စစ်တွေ လေယာဉ်ကွင်းမှာလည်း သာမန်ခရီးသည်တင်လေယာဉ်တွေအပြင် စစ်သုံးလေယာဉ်၊ ရဟတ်ယာဉ်တွေ အတက်အဆင်းပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ် ပလက်၀ မြို့နယ်မှာလည်း AA နဲ့စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာခဲ့ပါတယ်။ အဲဒီဘက်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေလက်နက်ကြီး ပစ်တာတွေလုပ်လို့ ဒေသခံ ပြည်သူတွေ မြန်မာ – အိန္ဒိယ နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *