စက်တင်ဘာ ၄၊ The Nation Voice
စစ်အုပ်စုနဲ့တိုက်ပွဲမှာ ပစ်ချခံလိုက်ရတဲ့ ဒရုန်းတစ်စင်းအတွက် အစားထိုးဝယ်ယူနိုင်ဖို့ ကိုယ်တိုင်ထုတ် ဗုံးသီးတစ်လုံးကို ကျပ် (၅,၀၀၀)နဲ့ ဝယ်ယူပေးဖို့ မြောင်မြို့ နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်မတော်က မေတ္တာရပ်ခံလိုက်ပါတယ်။ ဒရုန်းတစ်စင်း ဝယ်ယူနိုင်ဖို့အတွက် ဒရုန်းနဲ့တွဲသုံးရတဲ့ ဗုံးသီး(အညာထန်းသီး)တစ်လုံးကို ကျပ် (၅,၀၀၀) သတ်မှတ်ပြီး စက်တင်ဘာ (၂၀) ရက်ထိ ရောင်းချပေးသွားမှာဖြစ်လို့ ပါဝင်ကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။
” ကျွန်တော်တို့မှာအားကိုးစရာပြည်သူပဲ ရှိတဲ့အတွက်ကြောင့် အခက်ခဲတွေရှိကျမှာ သိပေမယ့်လည်း အဲဒီအခက်အခဲတွေပြေလည်နိုင်ဖို့အတွက်က အာဏာရှင်ကိုအမြစ်ပြတ်တိုက်ရမှာဖြစ်တဲ့အတွက် ပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ ” လို့ TGR မှ ဗိုလ်တိုက်ဂါးက ပြောပါတယ်။
စစ်အုပ်စုကပစ်ချလို့ ပျက်စီးသွားတဲ့ တိုက်ခိုက်ရေးသုံးဒရုန်းဟာ ကျပ် (၄၅)သိန်းခန့်တန်ဖိုးရှိပြီး ပြီးခဲ့တဲ့ သြဂုတ် (၃၀) ရက်က ရေစကြိုဘက်ကို ဒဏ်ရာရတပ်သွားတွေ သွားပို့တဲ့ကားကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာမှာ ပစ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

