စက်တင်ဘာ ၄၊ The Nation Voice
အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်ချို့ဟာ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း MAI Airbus A319-112 လေယာဉ်နဲ့ ဒီနေ့မနက်မှာ နေပြည်တော်ကနေ ရုရှားကို ထွက်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ကို ရုရှားနိုင်ငံက စက်တင်ဘာ (၈) ရက်အထိ ပြုလုပ်မယ့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ်-၂၀၂၂ (The 7th Eastern Economic Forum 2022) ဖိတ်ကြားတဲ့အတွက် ဒီနေ့မနက်မှာ နေပြည်တော်ကနေ ရုရှားနိုင်ငံကို ထွက်ခွာသွားတာဖြစ်တယ်လို့ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေက ကြေညာထားပါတယ်။
မင်းအောင်လှိုင်ဟာ အဲဒီစီးပွားရေးဖိုရမ်ကို တက်ရောက်ပြီး ရုရှားနိုင်ငံက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဦးမှာဖြစ်ပြီးတော့ စက်တင်ဘာလ (၁၁) ရက် ညနေပိုင်းမှာတော့ ရုရှားနိုင်ငံကနေ နေပြည်တော်ကို ပြန်လည် ရောက်ရှိမယ်လို့ ဝါဒဖြန့်မီဒီယာတွေက ထုတ်ပြန်ပါတယ်။ စစ်အုပ်စုအပေါင်းအပါတွေဟာ အာဏာသိမ်းပြီးတဲ့နောက် အခြားနိုင်ငံတွေကို မသွားရဲဘဲ ရုရှားနိုင်ငံကိုပဲ အဓိကသွားလာနေကြပြီး ရုရှားနိုင်ငံက ပြုလုပ်တဲ့ ပွဲအမျိုးမျိုး၊ အခမ်းအနားအမျိုးမျိုးကို သွားလာနေကြတာ ဖြစ်ပါတယ်။
