ဖရူဆိုမြို့နယ်(၃)ရက်တာ တိုက်ပွဲအတွင်း စကစဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒီးမော့ဆို PDF ပြော

စက်တင်ဘာ ၆၊ The Nation Voice

ကရင်နီ(ကယားပြည်)နယ်၊ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုအုပ်စု၊ငွေတောင်ရွာသစ်ကျေးရွာမှာ စက်တင်ဘာ(၃)ရက်ကနေ (၅)ရက်တာအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ(၅)ကြိမ် ဖြစ်ပွားခဲ့ပြီး စကစဘက်ကထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒီးမော့ဆို PDF က ဒီကနေ့မှာသတင်း ထုတ်ပြန်လာပါတယ်။ စက်တင်ဘာလ(၃)ရက်နေ့က ငွေတောင်ရွာသစ်ကျေးရွာမှာ စကစတပ်ဖွဲ့ယာဥ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ရာ စကစဘက်ကထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ(၄)ရက်မနက်ပိုင်းမှာလည်း ငွေတောင်ရွာသစ်ကျေးရွာကနေ ဒီးမော့ဆိုဘက်ကိုဦးတည်လာတဲ့ စကစယာဥ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ပြီး ညနေ(၅)နာရီထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်နက်ကြီးထိမှန်မှုကြောင့် စကစဘက်က ကား(၁)စီး မြောင်းထဲထိုးကျပျက်စီးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ‌နောက် စက်တင်ဘာ(၅)ရက်နေ့မှာ ငွေတောင်ရွာသစ်ကျေးရွာအတွင်းက ပြည်သူပိုင်နေအိမ်မှာ တပ်စွဲထားတဲ့ စကစတပ်ဖွဲ့ဝင်တွေကို ဒေသခံပူးပေါင်းတပ်တွေက RPG (၂)လုံးနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ စကစတပ်ဖက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ‌ပြောဆိုထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ဗျူဟာ(၃)၊ မဟာမိတ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နဲ့ အလယ်ပိုင်းတိုင်း (၁၁၀၆) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ‌ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။ (

၃)ရက်ဆက်တိုက် တိုက်ခိုက်ခံရပြီး အထိနာနေတဲ့ စကစတပ်တွေဟာ ဖရူဆို-ဒီးမော့ဆို လမ်းမကြီးတလျှောက်နဲ့ သူတို့တပ်စွဲထားတဲ့ ကျေးရွာအတွင်း နင်းမိုင်းအများအပြားထောင်ထားခဲ့ကြောင်း သိရပါတယ်။ တိုက်ပွဲအတွင်း ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်ရင်းက စကစတပ်ဖွဲ့ဝင်တွေဟာညနေ(၉)နာရီဝန်းကျင်အချိန်မှာ လက်နက်ကြီး(၄)လုံးထက်မနည်း ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းကို နေ့စဥ်ပစ်ခတ်မှုတွေ ရှိခဲ့ပြီးပြည်သူတွေအနေနဲ့လည်း မိမိလုံခြုံရေးကို အထူးဂရုစိုက်ကြဖို့ ဒီးမော့ဆို PDF က အသိပေးထုတ်ပြန်ထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *