စက်တင်ဘာ ၇၊ The Nation Voice
နွေဦးတော်လှန်ရေး ခုခံတော်လှန်စစ် တစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်သား နှစ်သောင်းကျော်သေဆုံးခဲ့ပြီး PDF နဲ့ EAO ဘက်က (၁,၅၀၀) လောက် ကျဆုံးခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တစ်နှစ်ပြည့်အဖြစ် ယာယီသမ္မတ ဒူဝါလရှီးလရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားခဲ့ရာမှာ အဲဒီခန့်မှန်းတွက်ချက်မှုကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။
“ တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ ပြည်သူ့အာဇာနည်ပုဂ္ဂိုလ်အပေါင်းကို အလေးပြုအပ်ပါတယ်။ ဒါ့အပြင် ဒီတော်လှန်ရေးအတွက် အသက်စွန့်သွားကြတဲ့ တော်လှန်ရေးရဲဘော်များ၊ ပြည်သူများရဲ့ မိသားစုတွေကိုလည်း လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ် ” လို့ ယာယီသမ္မတက ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာ နယ်မြေစိုးမိုးထားတဲ့ မြို့နယ် (၂၄) မြို့နယ်မှာ တရားစီရင်ရေးနဲ့ ပြည်သူ့အုပ်ချုပ်ရေးတို့ကို စနစ်တကျတည်ဆောက်နေပြီးတော့ တရားသူကြီးအစုအဖွဲ့တွေကို တည်ဆောက်ပြီး တရားစီရင်ရေးတွေကို စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ နယ်မြေစိုးမိုးနိုင်မှု၊ စစ်ရေးလှုပ်ရှားနိုင်မှု အားကောင်းလာသလို တစ်ချိန်တည်းမှာပဲ မိတ်ဖက်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများရဲ့ နယ်မြေစိုးမိုးမှု၊ ထိန်းချုပ်မှု၊ အုပ်ချုပ်ရေးယန္တယားတည်ဆောက်မှုတွေဟာလည်း ပိုမိုထိရောက် ကောင်းမွန်လာတာကိုတွေ့ရတယ်လို့ ယာယီသမ္မတက ဆက်လက်ပြောဆိုပါတယ်။
ဒါ့ကြောင့် ခုခံတော်လှန်စစ်တစ်နှစ်ပြည့်တဲ့အချိန်မှာ စစ်ကောင်စီအနေနဲ့ သူတို့ကောင်းကောင်းအုပ်ချုပ်နိုင်တာ တိုင်းပြည်နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင်မရှိတော့ဘူးဆိုတာကို ပြည်သူလူထုကို အလေးအနက် တင်ပြလိုတယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။
