စက်တင်ဘာ ၇၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေမှာ စက်တင်ဘာ ၂ရက်နဲ့ ၃ရက် အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က(၁၂)ဦး သေဆုံးခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။
KNU ဖာပွန်ခရိုင်၊ဒွယ်လိုးမြို့နယ်နဲ့လူသောမြို့နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေကို ဖော်ပြခဲ့တာ ဖြစ်ပြီး တပ်မဟာ(၅) တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ကြောင်း အသိပေးထားပါတယ်။
ဒွယ်လိုးမြို့နယ်၊ကတိုင်တိကျေးရွာအုပ်စုအတွင်း အခြေချတဲ့ BGF တပ်ကို စက်တင်ဘာ ၃ရက်က တိုက်ခိုက်ခဲ့ရာ BGF တပ်ခွဲမှူးတစ်ဦးနဲ့ တပ်ဖွဲ့ဝင် ၃ဦး စုစုပေါင်း ၄ဦးသေဆုံးပြီး၅ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လူသောမြို့နယ်မှာလည်း စက်တင်ဘာ (၂)ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က (၈)ဦး သေဆုံးပြီး လက်နက် (၈)လက်နဲ့ ခဲယမ်း၊ ကျည်တွေ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
KNU တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်၊ BGF တပ်တွေဟာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက တိုက်ပွဲ(၁၀၀)ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ပါတယ်။


