ဖက်ဆစ် လူသတ်သမား နှစ်ဦးတွေ့ဆုံ၊ပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးလို့ မင်းအောင်လှိုင် မြှောက်ပင့်

စက်တင်ဘာ ၇၊ The Nation Voice

ရုရှားနိုင်ငံရောက်နေတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရုရှားသမ္မတပူတင်က လက်ခံတွေ့ဆုံခဲ့တယ်လို့ စစ်ခေါင်းဆောင်ရဲ့ ဝါဒဖြန့်မီဒီယာတွေက ထုတ်လွှင့်နေကြပါတယ်။

မင်းအောင်လှိုင်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University(FEFU) မှာ စက်တင်ဘာ (၅) ရက်က စတင်ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာပါ။

မင်းအောင်လှိုင်ဟာ ရုရှားကို သွားရောက်တဲ့အချိန်တိုင်း ပူတင်နဲ့ တွေ့ဆုံခွင့်ရဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့် တစ်ကြိမ်မှမအောင်မြင်ခဲ့ဘဲ ယခု စီးပွားရေးဖိုရမ်မှာ နိုင်ငံအသီးသီးက တက်ရောက်သူတိုင်းနဲ့ တွေ့ဆုံနှုတ်ဆက်ခဲ့တဲ့ ပူတင်ကို မင်းအောင်လှိုင်က တွေ့ဆုံနှုတ်ဆက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပူတင်တွေ့ဆုံတာဟာ တစ်သီးတစ်သန့်တွေ့ဆုံခြင်းမျိုးမဟုတ်ဘဲ တက်ရောက်လာသူတိုင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး မင်းအောင်လှိုင်ကိုလည်း စီးပွားရေးဖိုရမ်နဲ့ပတ်သက်ပြီး လုပ်ရိုးလုပ်စဉ်တိုင်းတွေ့ဆုံခဲ့တာဖြစ်ကာ စီးပွားရေးဖိုရမ်နဲ့ပတ်သက်တဲ့ အကြောင်းအရာအချို့ကလွဲပြီး ကျန်တဲ့ ကိစ္စရပ်တွေကို အချိန်အကြာကြီးဆွေးနွေးခဲ့တာမျိုးမရှိဘူးလို့ ရုရှားမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပူတင်နဲ့ တွေ့ဆုံခွင့်ရဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့ မင်းအောင်လှိုင်ကတော့ အတော်ကိုပျော်မြူးနေပုံရပြီး ပူတင်ကို လက်ဆွဲနှုတ်ဆက်ခွင့်ရလိုက်တာကလည်း သူ့အတွက် ကြီးကျယ်ခမ်းနားနေပုံရတာကို ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ရုရှားရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်ဖြစ်တယ်လို့ ပူတင်က ပြောဆိုခဲ့ပြီး ရုရှားသမ္မတပူတင်ဟာ တစ်ကမ္ဘာလုံး တည်ငြိမ်မှုရှိအောင် ထိန်းချုပ်နေတာဖြစ်တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်ကြီး ဖြစ်တယ်လို့ မင်းအောင်လှိုင်ကလည်း မြှောက်ပင့်ပြောဆိုခဲ့ကြောင်း ရုရှားမီဒီယာတွေက ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *