ရန်သူကို အချိန်ပေးလို့ မရတော့ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော၊လာမယ့်တစ်နှစ်အတွင်း တော်လှန်ရေးရဲ့အဆုံးအဖြတ်ကိုရယူမယ်လို့ဆို

စက်တင်ဘာ ၇၊ The Nation Voice

ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ကာလကို သုံးသပ်ကြည့်ရင် တော်လှန်ရေးအောင်ဖို့ လိုအပ်တဲ့ ရေခံမြေခံ အားလုံးကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် လာမယ့်နှစ်ကတော့ တော်လှန်ရေးအတွက် အထူးအရေးကြီးလိမ့်မယ်လို့ ဦးရည်မွန်ကပြောပါတယ်။

“ ရန်သူကို အချိန်ပေးလို့ မရတော့ဘူးဆိုတာ သေချာတယ်။ ဒီအတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်များအားလုံး လာမယ့်တစ်နှစ်အတွင်း တော်လှန်ရေးရဲ့အဆုံးအဖြတ်ကို ရယူဖို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်တယ်ဆိုတာလည်း အသိပေးလိုတယ် ” လို့ ဦးရည်မွန်က တော်လှန်ရေး တစ်နှစ်ပြည့်ချိန်မှာ PDF ရဲဘော်တွေကို ပြောဆိုပါတယ်။

စစ်ပွဲတစ်နှစ်တာအတွင်း သိသာထင်ရှားတဲ့တိုးတက်မှု၊ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ရမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာကိုလည်း တွေ့နိုင်ပြီး ဒီတစ်နှစ်အတွင်း တန်ဖိုးမဖြတ်နိုင်တဲ့ စစ်ရေးအတွေ့အကြုံများ ရရှိခဲ့ပြီလည်းဖြစ်တယ်လို့လည်း ဆက်လက်ပြောဆိုပါတယ်။

ဒါပေမယ့် တော်လှန်ရေးတပ်ဖွဲ့အားလုံးကို လုံလောက်အောင် လက်နက်တပ်ဆင်ပေးနိုင်ဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပြီးလက်နက် လုံလုံလောက်လောက် တပ်ဆင်ပေးနိုင်ဖို့အတွက် လုံလောက်တဲ့ဘဏ္ဍာရန်ပုံ‌ငွေ ရရှိရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နည်းလမ်းစုံကြိုးပမ်းဆောင်ရွက်နေကာ ပြည်သူ့ရဲ့အားပေးထောက်ခံမှုနဲ့အတူ ရန်ပုံငွေရရှိမှုဟာလည်း တိုးတက်နေသလို၊ လက်နက်ခဲယမ်းမီးကျောက် ရှာဖွေရရှိမှုဟာလည်း ပိုပြီး လမ်းပွင့်လာပြီဖြစ်တယ်လို့လည်း အသိပေးပါတယ်။

ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ရနိုင်သမျှ လက်နက်ရှာဖွေဖို့၊ ရတဲ့ လက်နက် ရဲဘော်တို့ကို အမြန်ဆုံးတပ်ဆင်ပေးနိုင်ဖို့ သက်ဆိုင်ရာမဟာမိတ်တွေ၊ စစ်ဒေသတွေနဲ့ ညှိနှိုင်းပြီး ဆက်တိုက် ဆောင်ရွက်နေတာ ဖြစ်ပြီး လက်နက်တပ်ဆင်မှုဟာ ဆက်တိုက်ဆောင်ရွက်နေမယ့် အစီအစဥ်ဖြစ်ကာ လက်နက်တပ်ဆင်နိုင်စွမ်းက အကန့်အသတ်ရှိနေသေးတယ်ဆိုတာတော့ ဝန်ခံတယ်လို့ ဦးရည်မွန်က ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *