စက်တင်ဘာ ၇၊ The Nation Voice
ရုရှားရေနံထွက်ပစ္စည်းတွေကို ဝယ်ယူနေပြီး ရုရှားငွေကြေးရူဘယ်နဲ့ ရောက်ရှိလာတဲ့ပစ္စည်းတွေကို ပေးချေဖို့ အဆင်သင့်ရှိနေတယ်လို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။
မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ဗလာဒီမျာ ပူတင်နဲ့ ဗလာဒီဗိုစတော့မြို့မှာပြုလုပ်တဲ့ အရှေ့ဘက်စီးပွားရေးဖိုရမ်(EEF)မှာ တွေ့ဆုံခဲ့တယ်လို့ ရုရှားသမ္မတအိမ်တော်က ထုတ်ပြန်ပါတယ်။
“ကျွန်တော်တို့ဆက်ဆံရေးက အပြုသဘောနဲ့တိုးတက်လာပါတယ်”လို့ ရုရှားအစိုးရပိုင်သတင်းအေဂျင်စီက တွေ့ဆုံမှုမှာ မင်းအောင်လှိုင်ရဲ့အပြောကို ထုတ်နှုတ်ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂ လအတွင်း ဒုတိယအကြိမ်မြောက် ရုရှားနိုင်ငံကိုသွားရောက်ခဲ့တဲ့မင်းအောင်လှိုင်ရဲ့ခရီးစဉ်ဟာ နိုင်ငံတကာဖိအားတွေတိုးမြင့်လာနေတဲ့အချိန် အနည်းအကျဉ်းသာရှိတဲ့သံတမန်မိတ်ဖက်တွေရှေ့မှာ မျက်နှာပြဖို့ စစ်ကောင်စီက ကြိုးပမ်းနေချိန်မှာဖြစ်လာတာပါ။
ဒါ့အပြင် မင်းအောင်လှိုင်က “ဂုဏ်ယူပါတယ်။ ရုရှားနိုင်ငံကိုစပြီးအုပ်ချုပ်တဲ့အချိန်မှာ ရုရှားဟာ ကမ္ဘာမှာ နံပါတ် ၁ နိုင်ငံဖြစ်လာပါတယ်။ ကမ္ဘာတဝှမ်းက တည်ငြိမ်မှုကို ထိန်းချုပ်စုစည်းထားနိုင်တယ်” လို့ ပူတင်ကို မြှောက်ပင့်ပြောဆိုခဲ့ပါသေးတယ်။

Photo – Sputnik