စက်တင်ဘာ ၇၊ The Nation Voice
မကွေးတိုင်း၊ ရေစကြိုနယ် ရေလယ်ကျွန်းဒေသကို စစ်အုပ်စုက စစ်ကြောင်း (၄)ကြောင်းနဲ့ ဝင်မွှေသောင်းကျန်းနေလို့ ဒေသ ခံပြည်သူ (၃,၀၀၀)ထက်မနည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်အုပ်စု စစ်ကြောင်းတွေဟာ ရေယှား၊ မြေတော်၊ ပေါက်တောနဲ့ မင်းရွာကျေးရွာတွေဘက် ရောက်ရှိနေပြီး မနေ့က စက်တင်ဘာ (၆) ရက်ညနေပိုင်းမှာ စစ်ကြောင်းတစ်ကြောင်းက မီးလောင်ကျွန်းရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
” ရေလယ်ကျွန်းမှာ စစ်ကြောင်း (၄)ကြောင်းထိုးနေတာပေါ့ဗျာ။ လက်ရှိထိုးနေတာဆိုတော့ ကျေးရွာတွေနဲ့ ဒေသခံပြည်သူတွေရဲ့အခြေအနေကို သေချာမသိရသေးဘူး ” လို့ ရေစကြိုအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက မနေ့က ညနေပိုင်းမှာ ပြောပါတယ်။
စက်တက်ဘာ (၅) ရက်ကလည်း မြောင်နယ်ဘက်ကနေလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ရေလယ်ကျွန်းဒေသ မြေတော်၊ ဇီးကုန်းကျွန်းနဲ့ သင့်သည်ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ်တွေမီးလောင်ဆုံးရှုံးရတာတွေ ရှိခဲ့ပါတယ်။
လက်ရှိ ရေစကြို ရေလယ်ကျွန်းဒေသထဲက ကျေးရွာတွေကို ဝင်မွှေသောင်းကျန်းနေတဲ့ စစ်အုပ်စုစစ်ကြောင်း (၄)ကြောင်းမှာ စစ်ကြောင်း (၁)ကြောင်းကို အင်အား (၁၀၀)ကျော်ပါတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
