ကသာခရိုင်တိုက်ပွဲအတွင်း စကစအဖွဲ့ဝင်(၄)ဦးသေဆုံးပြီး (၅)ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ K-PDF ထုတ်ပြန်

စက်တင်ဘာ ၉၊ The Nation Voice

စစ်ကိုင်းတိုင်း၊ကသာမြို့နယ်၊ချောင်းဝရွာနဲ့ ရွေကူမြို့နယ်၊မင်းကျောင်းကုန်းကျေးရွာကြားတိုက်ပွဲအတွင်း စကစဘက်က(၄)ဦးသေဆုံးကာ(၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့လှ K-PDF က ဒီကနေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။ ကသာခရိုင်၊မိုးဒါးလေး မြေနုကျေးရွာဘက်မှာ ယာယီတပ်စွဲနေထိုင်ခဲ့တဲ့ စကစအဖွဲ့ဝင်တွေဟာ ကချင်ပြည်နယ် အစပ် ချောင်းဝကျေးရွာနဲ့မင်းကျောင်းကုန်းရွာဘက်ကို အင်အား (၈၃)ယောက်နဲ့ ထိုးစစ်ဆင်လာတာကို ကြိုတင်သတင်းရရှိတဲ့အတွက် မြို့လှ K-PDF တပ်ရင်း တပ်ခွဲ (၁)က ဗိုလ်မိုးကြိုး ဦးစီးတဲ့ တပ်စိတ်မှုး ဒေါင်းညို အဖွဲ့က မိုင်းအကြီးစား(၇)လုံးနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိုင်းအကြီးစား(၇)လုံးထဲက (၁)လုံးမှာ စကစဘက်က ဂျက်ဖိုက်တာနဲ့ဗုံးကျဲတိုက်ခိုက်စဉ် မပေါက်ကွဲသေးတဲ့လေယာဉ်မိုင်းတစ်လုံးဖြစ်ပြီး ဆွဲမိုင်းအသွင်ပြောင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း K-PDFက ‌အသိပေးပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာ စကစတပ်တွေဟာကစဉ့်ကလျားဖြစ်သွားခဲ့ပြီး အဖွဲ့(၂)ဖွဲ့ကွဲကာ ချောင်းဝကျေးရွာထဲသို့ တပ်ဆုတ်ခွါသွားခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုအတွင်း မြို့လှ K-PDF ဘက်က အထိအခိုက်မရှိခဲ့ကြောင်းကိုလည်း ထုတ်ပြန်ထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *