စက်တင်ဘာ ၉၊ The Nation Voice
စစ်ကိုင်းတိုင်း တမူးမြို့မှာ ဓားပြဂိုဏ်းခေါင်းဆောင်အပါအဝင် ဓားပြသုံးဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(တမူးမြို့)တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။ တမူးမြို့ နန်းဖာလုံရပ်ကွက်နဲ့ တမူး-အောင်ဇေယျကားလမ်းပိုင်းမှာ ဓားပြတိုက်လုယက်နေတဲ့ ဓားပြဂိုဏ်းအဖွဲ့ဝင်တစ်ဦးကို စက်တင်ဘာ (၇)ရက်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိရေး အချိန်နဲ့ တပြေးညီ ဆောင်ရွက်ခဲ့ရာ ဓားပြဂိုဏ်းခေါင်းဆောင်အပါအဝင် တရားခံ (၃) ဦးကို ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နေတဲ့ ညီနောင်မဟာမိတ် အဖွဲ့အစည်းတစ်ခုက စက်တင်ဘာ (၇)ရက် ညပိုင်းမှာပဲ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ တပ်ရင်း(၁)က ထိန်းသိမ်းထားတဲ့ တရားခံတစ်ဦးနဲ့ ညီနောင်မဟာမိတ်အဖွဲ့အစည်းက ထိန်းသိမ်းထားတဲ့တရားခံတွေကို အသေးစိတ်စစ်ဆေးမှုတွေ ပြုလုပ်လျှက်ရှိပြီး NUG/MODရဲ့လမ်းညွှန်ချက်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ လက်နက်အားကိုးနဲ့ ပြည်သူလူထုကို အနိုင်ကျင့်နှိပ်စက်နေတဲ့ မည့်သည့်အဖွဲ့အစည်းကိုမဆို ဖမ်းဆီးနှိမ်နင်း အရေးယူသွားမည်ဖြစ်တယ်လို့ တမူး PDF တပ်ရင်း(၁) က မိဘပြည်သူတွေကို အသိပေးထားပါတယ်။
