စက်တင်ဘာ ၉၊ The Nation Voice
ချင်းပြည်နယ်၊မင်းတပ်မြို့နယ် မယ်လယ်ကုန်းရွာအနီးမှာ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က (၃)ဦး သေဆုံးပြီး ဒဏ်ရာရသူတွေရှိခဲ့ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောပါတယ်။ ချင်း-မကွေး အစပ် မယ်လယ်ကုန်းရွာအနီးမှာ ဒီကနေ့ မနက် ၁၁နာရီခွဲက စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကျောက်ထု အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ကူတာရှိတယ်။ လက်နက်ကြီး ပစ်ကူရှိတော့ အမြန်တိုက် အမြန်ဆုတ်လိုက်တဲ့သဘော” လို့ ဆလိုင်းဟာအွမ်က ပြောပါတယ်။ အဲ့ဒီ တိုက်ခိုက်မှုကို မင်းတပ် CDF နဲ့ မကွေးတိုင်း၊ဆောမြို့နယ်၊ကျောက်ထုနယ်က ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သူက ပြောပါတယ်။ မယ်လယ်ကုန်းရွာအနီးတိုက်ပွဲမှာစစ်ကောင်စီတပ်က ၃ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံ တပ်ရင်းမှူးဆီက သတင်းရရှိကြောင်း မင်းတပ် CDF က ထုတ်ပြန်ထားပါတယ်။




