မြန်မာနိုင်ငံကနိုင်ငံခြားကုမ္ပဏီတွေ ဒေါ်လာငွေရဖို့ ရုန်းကန်နေရ

စက်တင်ဘာ ၉၊ The Nation Voice

အာဏာသိမ်းစစ်တပ်ရဲ့ ခန့်မှန်းမရတဲ့နိုင်ငံခြားငွေစည်းမျဉ်းစည်းကမ်းတွေကြောင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတွေ အန္တရာယ်ရှိလာချိန် မြန်မာနိုင်ငံကနိုင်ငံခြားကုမ္ပဏီတွေဟာ အမေရိကန်ဒေါ်လာငွေပြတ်လပ်မှုမြင့်တက်နေတာနဲ့ လုံးပန်းနေရပါတယ်။ နိုင်ငံခြားကနေကုန်ကြမ်းတွေနဲ့လူသုံးကုန်တွေဝယ်ယူဖို့ မြန်မာရောက်နိုင်ငံခြားကုမ္ပဏီတွေအတွက် ဒေါ်လာငွေလိုအပ်ပေမဲ့ အာဏာသိမ်းမှုနောက်ပိုင်း ဘဏ်တွေကနေဒေါ်လာငွေရယူဖို့ အလွန်တရာခက်ခဲလာပါတယ်။

ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရတရပ်ဆီကနေ အာဏာအတင်းအကြပ်ရယူပြီးနောက် နိုင်ငံရဲ့နိုင်ငံခြားငွေမူဝါဒတွေကိုကြီးကြပ်ကွပ်ကဲဖို့ မြန်မာအာဏာသိမ်းစစ်တပ်က နိုင်ငံခြားငွေလဲလှယ်ရေးကြီးကြပ်မှုကော်မတီ(FESC)ကိုစတင်ခဲ့ပြီးမကြာခင် နိုင်ငံခြားငွေကိုင်ဆောင်ထားသူတွေကိုအမိန့်ပေးတဲ့ အမေရိကန်ဒေါ်လာကို ကျပ်ငွေအဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ခွင့်ပြုထားတဲ့လုပ်ငန်းကြီးတချို့နဲ့ တခြားအဖွဲ့အစည်းတွေကတော့ ကင်းလွတ်ခွင့်ရပါတယ်။

မြန်မာနိုင်ငံရဲ့နိုင်ငံခြားငွေကို အခုတော့ စစ်ကောင်စီကပဲ စီမံခန့်ခွဲနေပြီး တရားဝင်ငွေလဲနှုန်းကိုဦးစားပေးကာ ငွေပေးချေဖို့ ကုန်တင်သွင်းတဲ့လုပ်ငန်းရှင်တွေကိုပဲ ပေးထားပါတယ်။ နိုင်ငံခြားကနေကုန်တင်သွင်းမယ်ဆိုရင်တောင် မြန်မာနိုင်ငံပြင်ပကိုငွေမလွှဲခင် FESC ရဲ့ရှင်းလင်းကြောင်းခွင့်ပြုချက်ရဖို့ ကုမ္ပဏီတွေအတွက်လိုအပ်နေတာပါ။ နိုင်ငံခြားကနေကုန်တင်းသွင်းမယ်ဆိုရင် လိုင်စင်လိုအပ်တဲ့ကုန်စည်စာရင်းကိုလည်း စစ်တပ်က ကြေညာထားပြီး အဖွဲ့အစည်းတစ်ခုချင်းစီအတွက် ပမာဏလည်း ကန့်သတ်ထားပါတယ်။

နစ်ကိုင်အေးရှားသတင်းဌာနရဲ့သတင်းအရ တရားဝင်ငွေလဲလှယ်နှုန်းဟာ လောင်စာနဲ့စားဆီတို့တင်သွင်းဖို့ ဦးစားပေးလုပ်ကိုင်ထားတာဖြစ်ပြီး သြဂုတ်လနောက်ပိုင်းမှာ စစ်ကောင်စီက တခြားကုန်တင်သွင်းသူတွေကိုလည်း ခွဲတမ်းကနေဖယ်ထုတ်ခဲ့ပြီး သူတို့ကိုယ်ပိုင်ဒေါ်လာကိုကိုယ်တိုင်ဝယ်ယူဖို့ ညွှန်ကြားခဲ့ပါတယ်။ ကုန်တင်သွင်းသူတွေကိုယ်တိုင်ဝယ်ယူနိုင်ဖို့ သူတို့ရဲ့နိုင်ငံခြားဝင်ငွေ ၃၅ ရာခိုင်နှုန်းကို မဖြစ်မနေပြောင်းလဲရတဲ့စနစ်ကနေ ကင်းလွတ်ခွင့်ပေးထားပါတယ်။

ခွင့်ပြုထားတဲ့ရင်းမြစ်တွေကနေ ဒေါ်လာမဝယ်ချင်ရင် ဒေါ်လာငွေဆက်ကိုင်ထားနိုင်ဖို့ ဒီမူဝါဒအရ အကြံပြုနေပြီး အာဏာသိမ်းစစ်တပ်က ပြင်းပြင်းထန်ထန်လုပ်နေပေမဲ့ ဒေါ်လာရှားပါးပြတ်လပ်တဲ့ပြဿနာကြုံနေရတုန်းပါ။ မှောင်ခိုဈေးကွက်မှာ ဗဟိုဘဏ်ကချမှတ်ထားတဲ့ဈေး ၂၁၀၀ ထက်ကျော်လွန်ပြီး တစ်ဒေါ်လာကို ၃၄၀၀ နဲ့ ၃၆၀၀ ကြားရှိနေပါတယ်။ ပြောစရာမလိုတာကတော့ မြန်မာကျပ်ငွေကလည်း အာဏာသိမ်းပြီးနောက်ပိုင်း တန်ဖိုး ၅၀ ရာခိုင်နှုန်းကျော်ကျဆင်းလာပြီး ငွေကြေးခဝါချမှုကိုတိုက်ဖျက်ဖို့ နိုင်ငံတကာအစိုးရအဖွဲ့တွေပါဝင်တဲ့ ဘဏ္ဍာရေးအရေးယူဆောင်ရွက်မှုအထူးလုပ်ငန်းအဖွဲ့(FATF)က မြန်မာကျပ်ငွေကို တားမြစ်ပိတ်ပင်ဖို့ရှိနေပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့ပိုခက်လာနိုင်ပြီး ငွေတန်ဖိုးကျလာတဲ့အတွက် ဒေါ်လာဝယ်ယူဖို့လည်း ပိုခက်လာနိုင်ပါတယ်။ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၄၀၀၀ ကျော်လာတာကြောင့် သြဂုတ်လအကုန်မှာ အမေရိကန်ဒေါ်လာသန်း ၂၀၀ ကို နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်ထဲထည့်သွင်းလိုက်တယ်လို့ ဗဟိုဘဏ်ကကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဒေါ်လာရှားပါးမှုနဲ့ ကျပ်ငွေတန်ဖိုးကျဆင်းမှုတွေဟာလည်း မကြာခင်မှာ ကုစားနိုင်ချေမရှိတဲ့အတွက် မတည်ငြိမ်တဲ့စီးပွားရေးဝန်းကျင်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲတဲ့အချိန်ဆက်လက်ကြုံရဦးမှာဖြစ်ပါတယ်။

Source – Nikkei Asia Photo – Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *