မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေ၊ မြန်မာသံအမတ်ကိုဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ဆန့်ကျင်ကန့်ကွက်

စက်တင်ဘာ ၉၊ The Nation Voice

ကြာသပတေးနေ့မှာ ၃ ရက်မြောက်အဖြစ် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ နိုင်ခွန်ချာရီခရိုင်၊ ဂန်ဒန်မြို့နားမှာ မြန်မာဘက်ကလက်နက်ကြီးတွေပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနက် ၈ နာရီလောက်ကစပြီး လက်နက်ကြီးတွေပစ်ခတ်နေတာကြားရတဲ့နောက် ထိတ်လန့်နေကြတယ်လို့လည်း ပြောပါတယ်။ဒီဖြစ်ရပ်အတွက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကတော့ မှတ်ချက်မပြုသေးပါဘူး။

တိုက်ပွဲတွေဖြစ်နေတာ ၁ လကျော်နေပြီး ပြီးခဲ့တဲ့ (၂)ရက်မှာ အမြှောက်ပစ်သံတွေမကြားရပေမဲ့ ကြာသပတေးနေ့မှာမှကြားရတယ်လို့ ဒေသအုပ်ချုပ်ရေးအရာရှိတစ်ဦးကပြောပါတယ်။ အစောပိုင်းမှာလည်း စစ်ကောင်စီလက်အောက်ခံ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက (၃) ကြိမ်တိတိဆင့်ခေါ်ပြီး ဒီဖြစ်ရပ်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကျလာနိုင်တဲ့ လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေ၊ လေကြောင်းပိုင်နက်ကျူးကျော်မှုတွေကြောင့် နက်နက်ရှိုင်းရှိုင်းစိုးရိမ်ကြောင်းတို့လည်း ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်က နယ်စပ်ရဲစခန်းတစ်ခုကို အာရကန်တပ်မတော်(အေအေ)ကသိမ်းပိုက်ပြီးနောက် မြန်မာအာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ မြန်မာဘက်ကတုံ့ပြန်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် လေကြောင်းကနေပစ်ခတ်တဲ့ဒုံး ၂ စင်းအနည်းဆုံး ဘင်္ဂလားဒေ့ရှ်ဘက်ကျခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံရုံးကလည်း ဒီဖြစ်ရပ်အတွက် စစ်ကောင်စီလက်အောက်ခံနိုင်ငံခြားရေးဝန်ကြီးဌာနကို အသိပေးခဲ့ပါတယ်။

Source – Dhaka Tribune Photo – Bangla Tribune

Leave a Reply

Your email address will not be published. Required fields are marked *