ကရင်နီပြည်နယ်ရောက်တပ်မ (၆၆) တပ်ရင်းမှူးတွေထဲက သုံးဦးသာ ကျန်တဲ့အထိ ဖွဲ့စည်းပုံပျက်နေ

စက်တင်ဘာ ၁၀၊ The Nation Voice

ကရင်နီ(ကယား)ပြည်နယ်ရောက် စစ်ကောင်စီ တပ်မ (၆၆) က တပ်ရင်းမှူး သုံးဦးသာကျန်ရှိပြီး တပ်ဖွဲ့စည်းပုံပျက်တဲ့အထိ အခြေနေဆိုးနေပြီလို့ ကရင်နီတပ်မတော် KA က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသကို စစ်ကူအဖြစ် တပ်ရင်း(၆) ရင်းကို ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မ (၆၆) က တပ်မမှူးမျိုးမင်းက ဦးဆောင်လာခဲ့ပြီး အဲဒီ တပ်ရင်းခြောက်ရင်းနဲ့ ဒေသခံစစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)အပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ PDF တပ်တွေက ခုခံတိုက်ခိုက်တာ၊ တန်ပြန်ထိုးစစ်ပြုလုပ်တာနဲ့ အခြား စစ်ဗျူဟာတွေနဲ့ ပြန်လည်ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။

ဒါ့အပြင် ဖရူးဆို တိုက်ပွဲမှာ တပ်ရင်းမှူး တစ်ဦးထပ်မံ သေဆုံးခဲ့ရပြီး ကျန်တပ်ရင်းမှူး နှစ်ဦးမှာလည်း ကရင်နီရှိ အခြားတိုက်ပွဲမှာ ဒဏ်ရာ ရခဲ့တဲ့အတွက် တပ်ရင်းမှူး (၃) ဦးသာ ကျန်ရှိတော့တယ်လို့ KA က ဆိုပါတယ်။ ကရင်နီပြည်ရောက် တပ်မ (၆၆) ဟာ မကြာသေးတဲ့ ရက်ပိုင်းအတွင်းကလည်း နောက်ထပ်တပ်ရင်းမှူးတစ်ဦး အလုပ်တာဝန် ထမ်းဆောင်လိုစိတ်မရှိလို့ စစ်ကောင်စီကို တင်ပြခဲ့ရာ ကြီးလေးသော ပြစ်ဒဏ်ကျခံစေရေးအတွက် နောက်တန်းသို့ ပြန်လည်ပို့ဆောင်ခြင်းခံရတယ်လို့ KA က ဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာ တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးကြီးကျော်လင်းအောင်ကို စစ်ကောင်စီတပ်က အနား ပေးခဲ့တယ်လို့ မနေ့က သတင်းတွေ ထွက်ပေါ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *