စက်တင်ဘာ ၁၀၊ The Nation Voice
စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်လှုပ်ရှားမှုတွေ ဆက်လုပ်နိုင်ဖို့ ပြည်သူ့အကူအညီလိုအပ်နေတယ်လို့ Defense Team Pakokku က အသိပေးချက်ထုတ်ပြန်ပါတယ်။ ” Pakokku အဖွဲ့အနေနဲ့ မြေပြင်မှာ ဆက်လက်လှုပ်ရှားလျက်ရှိပြီး ပြည်သူတွေရဲ့အကူညီလိုအပ်နေပါတယ် ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပခုက္ကူမြို့မှာ အစောဆုံးလက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့တဲ့ လူငယ်တစ်စု Defense Team Pakokku အဖွဲ့အနေနဲ့ စတင်ဖွဲ့စည်းခဲ့ချိန်ကစပြီး ယနေ့အထိ မြေပြင်မှာ ဆက်လက်လှုပ်ရှားလျက်ရှိပြီး ပြည်သူတွေရဲ့ ဝိုင်းဝန်းကူညီလှူဒါန်းမှုတွေလိုအပ်နေတာလို့ ဆိုပါတယ်။
သူတို့အနေနဲ့ စစ်ကောင်စီတပ်က အာဏာသိမ်းချိန်ကစပြီး ဆန္ဒပြသပိတ်တွေမှာပါဝင်ခဲ့ကာ စစ်တပ်က အင်အားသုံးအကြမ်းဖက် ဖြိုခွင်းချိန်မှာလည်း ဒိုင်းကာအဖွဲ့အနေဖြင့် ရပ်တည်ခဲ့တဲ့အဖွဲ့ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်တော်လှန်ခဲ့ပေမယ့် အခြေနေအချို့ကြောင့် သတင်းမထုတ်ပြန်နိုင်ခဲ့တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ” အဖွဲ့အနေနဲ့ မြေပြင်အခြေနေမှာ ဆက်လက်လှုပ်ရှားနေပြီး စစ်ကောင်စီတပ်ကို ရရာနည်းလမ်းနဲ့ တော်လှန်ဖို့ကြိုးစားနေချိန်မှာ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်ကူညီမှု၊ လှူဒါန်းမှုတွေကို လိုအပ်နေတာကြောင့် ပါဝင်ကူညီပေးဖို့မေတ္တာရပ်ခံပါတယ် ” လို့ Defense Team Pakokku က မေတ္တာရပ်ခံထားပါတယ်။
Defense Team Pakokku အဖွဲ့ရဲ့ ထင်ရှားတဲ့ စစ်ရေးတိုက်ခိုက်မှုတွေထဲမှာ သြဂုတ် (၂၆) ရက်က ပခုက္ကူချည်မျှင်နဲ့ အထည်ချုပ်စက်ရုံမှ စစ်ကောင်စီတပ် ဗိုလ်မှူးလင်မယားကို ဝင်ရောက်ပစ်ခတ်မှု၊ ပခုက္ကူမြို့ မြို့မလမ်းရှိ စစ်တပ်ပိုင် အင်းဝဘဏ်လုံခြုံရေးအစောင့် စကစတပ်တွေကိုပစ်ခတ်မှု စတဲ့မစ်ရှင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
