စက်တင်ဘာ ၁၀၊ The Nation Voice
စစ်ကိုင်းတိုင်း၊မုံရွာ-စစ်ကိုင်းလမ်းမကြီးမှာ စကစတပ်သားတွေလိုက်ပါလာတဲ့ (၁၃)စီးပါ စကစယာဉ်တန်းကို မနေ့က ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့အတူ “မိုင်းစစ်ဆင်ရေး”အဖြစ်(၂)ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-(CDSOM)ကထုတ်ပြန်ပါတယ်။
မုံရွာကနေ စစ်ကိုင်းကိုထွက်လာတဲ့ စကစယာဉ်တန်းကိုမြင်းမူမြို့နယ်၊ဘိုးမင်းကြီးကျေးရွာနဲ့အလ္လကပ္ပကျေးရွာအကြား အရောက် နေ့လည်(၁၂)နာရီလောက်မှာပဒေသာမိုင်း(၄)လုံးနဲ့ဖေါက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာ စကစယာဉ်တန်းဟာ ဆက်လက်ထွက်ခွာလာခဲ့ပြီး အလ္လကပ္ပကျေးရွာနဲ့ ဝမ်းပြည့်ကျေးရွာအကြား အရောက်မှာ ဒုတိယအကြိမ်အဖြစ် ပဒေသာမိုင်း(၃)လုံးတွဲနဲ့ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှု(၂)ကြိမ်အတွင်းမှာ (၁၃)စီးပါ စကစယာဉ်တန်းရဲ့ (၃)စီးမြောက်ကားနဲ့(၉)စီးမြောက်ကားကို ထိထိမိမိ ထိမှန်ခဲ့ပြီး စကစတပ်သားတွေရဲ့ အသေအဆုံးကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒီ”မိုင်းစစ်ဆင်ရေး”ကိုတော့ မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-(CDSOM)နဲ့အတူ မြင်းမူလင်းယုန်နက်ကာကွယ်ရေးအဖွဲ့(MMU)၊ People’s Defence Force Myinmu PDF ၊ Myinmu Civil Revolution Force -CRF Myinmu ၊မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ စတဲ့မဟာမိတ်(၅)ဖွဲ့က အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
