စက်တင်ဘာ ၁၀၊ The Nation Voice
စစ်ကိုင်းတိုင်း၊မုံရွာတိုးဂိတ်ကနေ ချောင်းဦးမြို့ဘက်ကို မုံရွာ-မန္တလေးလမ်းအတိုင်း မိုင်းရှာဖို့ထွက်လာတဲ့ စကစအုပ်စုကို စက်တင်ဘာ(၈)ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ CHU-PDFက အသိပေးထုတ်ပြန်လာပါတယ်။
မုံရွာ-ချောင်းဦးလမ်းအတိုင်း မိုင်းရှာဖို့ထွက်လာတဲ့ စကစတပ်သားတွေဟာ သံချပ်ကာကား(၁)စီးနဲ့ ခြေလျှင် စစ်ကြောင်းအင်အား(၇၀)ခန့်ပါဝင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ချောင်းဦးမြို့အဝင်(၀.၅)မိုင်ခန့်အရောက် ကားပေါ်ပြန်တက်ချိန်မှာ CHUPDF-တပ်ခွဲ(၄)က ပဒေသာမိုင်း(၂)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်မှုအပြီးမှာ စကစတပ်သားတွေဟာ သံချပ်ကာကားကို အနီးကဓာတ်ဆီဆိုင်မှာရပ်ခိုင်းပြီး တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ စကစတပ်သားတွေရဲ့ အလောင်းတွေကို ကား(၂)စီးနဲ့ ချောင်းဦးပြည်သူ့အားကစားကွင်းကို ခေါ်သွားတယ်လို့သိရပါတယ်။
ထိခိုက်သေဆုံးမှုအတိအကျကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စက်တင်ဘာ(၈)ရက် နေ့ခင်းမှာလည်း စစ်ကိုင်းဘက်ကလာတဲ့(၂၁)စီးပါ စကစယာဉ်တန်းကို ချောင်းဦးမြို့ထဲ အရောက်မှာ CHUPDF-တပ်ခွဲ(၃)က ပဒေသာမိုင်း(၂)လုံးနဲ့ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး CHUPDF-တပ်ခွဲ(၁)က အဆိုပါယာဉ်တန်းရဲ့(၅)စီးမြောက်နဲ့(၆)စီးမြောက်ကားကို ရှေ့ထွက် (၃)ချောင်းနဲ့ထပ်မံပစ်သွင်းတိုက်ခိုက်ခဲ့ရာမှာ စကစတပ်သား(၃)ဦးသေဆုံးသွားခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေဟာ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CHUPDF)ရဲ့ ဦးဆောင်မှုဖြင့် လုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။
