မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေကို AA ဆက်လက်တိုက်ခိုက်

စက်တင်ဘာ ၁၀၊ The Nation Voice

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်း နှစ်ခုကို ရက္ခိုင့်တပ်တော်(AA)က မနေ့ကနဲ့ဒီနေ့မှာ ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဩဂုတ်လကုန်ပိုင်းက မောင်တောမြောက်ပိုင်းမှာရှိတဲ့ ခမောင်းဆိပ်တပ်စခန်းကို AA က တိုက်ခိုက်ခဲ့သလို ဩဂုတ် ၃၁ရက်မှာလည်း မြန်မာ – ဘင်္ဂလားနယ်စပ် မိုင်တိုင်(၄၀) နားက စစ်ကောင်စီတပ်စခန်းကို(AA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

မနေ့ကတော့ မောင်တောမြောက်ပိုင်း ကြိမ်ချောင်း – တောင်ပြိုလမ်းပိုင်းက မီးတိုက်နယ်ခြားစောင့်တပ်စခန်းကို AAက စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့လို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးရတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံက ပြောကြားပြီး စခန်းသိမ်းပိုက်နိုင်ခြင်းရှိမရှိကို မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီကနေ့မနက်ကလည်း ကြိမ်ချောင်းဗျူဟာရဲ့ ကာကင်းစခန်းတစ်ခုကို AAက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ “ ဗျူဟာကို တိုက်မယ်လို့ ထင်တယ်။

ဘာကြောင့်လဲဆိုရင် မောင်တောမြောက်ပိုင်းမှာက ခမောင်းဆိပ်ကိုလည်း တိုက်ပြီးပြီ။ ကြားထဲမှာက စခန်းပေါင်း ၅၀ ကျော်လောက်ရှိတဲ့အထဲမှာ သူတို့ ရုတ်သိမ်းသွားတာနဲ့ AA တိုက်ခိုက်တာနဲ့ဆို အဲဒီမှာ ၁၀ခုလောက်ပဲ ကျန်တော့တာ။ အခုလေးဆယ်ကျော်လောက် ကို ရုတ်သိမ်းလိုက်ရပြီ။ မောင်တောမြောက်ပိုင်းမှာ အကြီးဆုံး ဆိုလို့ ကြိမ်ချောင်းဗျူဟာပဲကျန်တာ။ အဲဒီ ကြိမ်ချောင်းဗျူဟာကို ဝင်တိုက်ဖို့ ရှေ့က စခန်းအသေးတွေကို တစ်ခုချင်းသိမ်းတာလို့ မြင်တယ်” လို့ ဒေသခံက ပြောပါတယ်။

ဒီလိုတိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံတွေလည်း စစ်ဘေးတိမ်းရှောင်ကြရပြီး ရခိုင်ဒေသမှာ စစ်ရှောင်ဦးရေ များပြားလာနေတယ်လို့ ဒေသခံက ပြောပါတယ်။ AA နဲ့ စစ်ကောင်စီတပ်တို့ဟာ မောင်တောမြောက်ပိုင်း၊ချင်းပြည်နယ် ပလက်၀၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ် တို့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *