စက်တင်ဘာ ၁၀၊ The Nation Voice
လွန်လေပြီးသောမိခင် အယ်လိဇဘတ်ဘုရင်မကြီးအတွက် နန်းတက်တော့မယ့်သားတော် ချားလ်စ်ဘုရင်က သောကြာနေ့မှာ စိတ်ထိခိုက်ဖွယ်ချီးကျူးဂုဏ်ပြုခဲ့ပြီး သစ္စာတရား၊လေးစားမှုနဲ့ မေတ္တာတရားတို့လက်ကိုင်ထားပြီး ဧကရာဇ်တစ်ပါးအနေနဲ့ အလုပ်အကျွေးပြုသွားမယ်လို့ သစ္စာပြုခဲ့ပါတယ်။ တော်ဝင်သွေးဆက်နဲ့ နိုင်ငံသားတွေအပေါ် မြတ်နိုးခဲ့တဲ့မိခင်ဘုရင်မကြီးကို ချီးကျူးဂုဏ်ပြုကြောင်း နိုင်ငံကိုပထမဆုံးမိန့်ခွန်းမှာ ချားလ်စ်ဘုရင်က ထည့်သွင်းပြောကြားခဲ့ပြီး ဘုရင်မကြီးကိုဆုံးရှုံးရတာဟာ အကြီးအကျယ်ဝမ်းနည်းရတာဖြစ်တဲ့အပြင် မတိုင်းတာနိုင်တဲ့ဆုံးရှုံးမှုတစ်ခုလို့လည်း သူကပြောပါတယ်။
ဗြိတိန်ထီးနန်းကို နှစ် ၇၀ ကျော်အောင်စိုးစံခဲ့တဲ့၊ သက်တော် ၉၆ နှစ်ရှိနေတဲ့ သက်တမ်းအရှည်ဆုံးဧကရီ အယ်လိဇဘတ်ဟာ ကြာသပတေးနေ့က စကော့တလန်မှာရှိတဲ့စံအိမ်မှာ ကံကုန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဘုရင်အဖြစ်သာမက သြစတြေးလျ၊ ကနေဒါ၊ ဂျာမေကာ၊ နယူးဇီလန်နဲ့ ပါပူဝါနယူးဂီနီနိုင်ငံတွေအပါအဝင် ဓနသဟာယနိုင်ငံ (၁၄) နိုင်ငံရဲ့အကြီးအကဲဖြစ်လာတဲ့ချားလ်စ်က အဲဒီဖြစ်ရပ်ဟာ သူပူပန်ထိတ်လန့်နေတဲ့ဖြစ်ရပ်လို့ ဝန်ကြီးချုပ် လစ်ဇ် ထရပ်စ်ကို အစောပိုင်းမှာပြောထားပါတယ်။
တော်ဝင်မိသားစုက ကံတော်ကုန်ခဲ့တဲ့ဘုရင်မကြီးရှိရာ စကော့တလန်က ဘယ်မိုရယ်ရဲတိုက်ကို အမြန်သွားခဲ့ကြပြီး သောကြာနေ့မှာ လန်ဒန်က ဘက်ကင်ဟမ်နန်းတော်ကို ပြန်လာတဲ့ ချားလ်စ်ကို လူအုပ်ကြီးက God Save The King သီချင်းသီဆိုပြီး ဝမ်းမြောက်ဂုဏ်ယူစွာကြိုဆိုခဲ့ကြပါတယ်။ အကြီးဆုံးသားတော် ဝီလီယံကို အိမ်ရှေ့စံမင်းသားအဖြစ် ဆယ်စုနှစ်ပေါင်းများစွာသူဆက်ခံခဲ့ရတဲ့ ဝေလမင်းသားဘွဲ့အမည်ကိုလွှဲပေးပြီး အိမ်ရှေ့စံအဖြစ်ဆက်ခံစေခဲ့တယ်လို့လည်း ချားလ်စ်ကပြောပါတယ်။
ဝီလီယံရဲ့ကြင်ယာတော် ကိတ် ကို လွန်လေပြီးသော ဝေလမင်းသမီးဘွဲ့နဲ့အိမ်ရှေ့စံကြင်ယာတော် ဒိုင်ယာနာရဲ့ အိမ်ရှေ့စံကြင်ယာတော်အဖြစ်ဂုဏ်ထူးကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီနေ့သောကြာနေ့မှာ ချားလ်စ်ဘုရင်ကို စိန့်ဂျိမ်းစ်နန်းတော်မှာကျင်းပမယ့် နန်းတက်ပွဲကောင်စီအစည်းအဝေးမှာ တရားဝင်ဘုရင်အဖြစ် သတ်မှတ်မှာဖြစ်ပြီး နိုင်ငံတဝှမ်းမှာလည်းကြေညာဖို့စီစဉ်ထားပါတယ်။
