စက်တင်ဘာ ၁၁၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်တဲ့ ပူးပေါင်း စစ်ကြောင်း တစ်ခုဖြစ်တဲ့ ကော်ဘရာ စစ်ကြောင်း ကို ရင်မဆိုင်လိုတာကြောင့် စစ်ကောင်စီရဲ့ တပ်မ (၄၄) လက်အောက်ခံ ခမရ(၁၀၂)က ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့တစ်ခုလုံးဟာ လက်နက်တွေ လွှင့်ပစ်ပြီး သပိတ်မှောက် ဆန္ဒပြခဲ့ကြတယ်လို့ စက်တင်ဘာ ၉ရက်က CDM ပြုလုပ်လာတဲ့ စစ်သား နှစ်ဦးက ပြောပြကြောင်း The Voice Of Spring က ဖော်ပြထားပါတယ်။
မြ၀တီ – ဝေါ်လေလမ်းက ကော်ဘရာ စစ်ကြောင်းထိန်းချုပ်ထားတဲ့ သရက်တပင်ကုန်း ကို အတင်းဖိအားပေး တိုက်ခိုက်သိမ်းပိုက်ခိုင်းတဲ့အပေါ် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံ မုတ္တမမြို့ အခြေစိုက် ခမရ(၁၀၂)မှာ ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့တစ်ခုလုံးက လက်နက်ချပြီး သပိတ်မှောက်ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။ “အကုန်လုံး သေနတ်တွေ လွှင့်ပစ်၊ ကျည်ကာအင်္ကျီတွေလွှင့်ပစ်နဲ့ ဆန္ဒ ပြကြတာ” လို့ ခလရ(၈)တပ်ခွဲက တပ်သား စိုးအောင် ရဲ့ ပြောကြားချက်ကို ဖော်ပြထားပါတယ်။
“(၁၀၂) က လက်နက်ချပြီး တဖွဲ့လုံး ပြန်ဖို့လုပ်တာ၊ သေနတ်တွေ ဗျူဟာမှူးကို အကုန်အပ်ပြီး ပြန်ဖို့လုပ်တာ၊ နောက်တော့မှ ဗျူဟာမှူးက တောင်းတောင်းပန်ပန်နဲ့ မပြန်ဖို့ ပြောပြီး သူ့အနား ဆွဲကပ်ထားတာပေါ့ဗျာ။ သရက်တပင်ကုန်းကို တက်တိုက်မယ်ဆိုတော့ (၁၀၂) ကလည်း မတက်ရဲဘူး၊ ကျနော်တို့ လ(၈)ကလည်း မတက်ဘူး၊ အဲဒီမှာ အနောက်ကနေ အတင်းဖိအားတွေပေးတော့ မလုပ်ဘဲနဲ့ ဒုတပ်ရင်းမှူး ကိုယ်တိုင်က လက်နက်ချပြီး ပြန်မယ်လုပ်တာ” လို့ သူက ပြောပါတယ်။
ရှေ့တန်းစစ်မြေပြင်မှာ စစ်ကောင်စီတပ်တွေ စိတ်ဓာတ်ပျက်ပြားနေပြီး ဗျူဟာမှူးကိုယ်တိုင်က ချော့မော့ကာ မနည်း ထိန်းသိမ်းနေရကြောင်း ခမရ(၈)တပ်ခွဲမှ CDM တပ်သား ဇော်ထွဋ်က ပြောတယ်လို့လည်း ဖော်ပြထားပါတယ်။ “ဘာလို့ တက်မတိုက်ရဲလဲဆိုတော့ အဓိက သေမှာ ကြောက်လို့ပေါ့ဗျာ၊ ဒီလိုပဲ ပြောရမှာပဲ၊ PDF တွေကို နိုင်မယ်လို့တော့ မထင်ဘူး၊ စစ်တပ်က နိုင်မယ်လို့ မထင်ဘူး၊ မထင်ဘူးဆိုတာ နောက်က ထောက်ပံ့မှုအားနည်းတယ်၊ ရိက္ခာဆိုတာလည်း ထောက်ပံ့မှု မရှိဘူး ၊ ခဲယမ်းကတော့ ထောက်ပံ့တယ် မချိမဆံ့ပေးပြီး ထမ်းခိုင်းတယ် ပိုးခိုင်းတယ်။
စစ်တိုက်တယ်ဆိုတာ လွယ်တဲ့အလုပ်မှ မဟုတ်တာ၊ ထောက်ပံ့မှုအားကောင်းမှ စစ်က နိုင်မှာ၊ လက်နက်နဲ့ ခဲယမ်းပဲပေးတော့ စစ်သားက ဘာသွားစားမလဲ၊ မျှစ်ပြုတ်စားလိုက်၊ ခေါက်ဆွဲထုပ်လေးကို နှစ်ယောက်ဝေခြမ်းစားလိုက်နဲ့” လို့ CDM စစ်သားက ပြောပြကြောင်း The Voice Of Spring က ဖော်ပြခဲ့ပါတယ်။ CDM ပြုလုပ်သူ၊ တပ်ကို စွန့်ခွာ ထွက်ပြေးသူ များပြားတာကြောင့် ခမရ(၁၀၂)က တပ်ဖွဲ့စည်းပုံပျက်သွားခဲ့ပြီး အထက်ကအတင်းဖိအားပေးရင်လည်း အမိန့်နာခံမှုကို ငြင်းဆန်ပြီး သပိတ်မှောက်ကြတဲ့အထိ စိတ်ဓာတ်ပျက်ပြားမှု ဖြစ်ပွားနေတယ်လို့ CDM တပ်သား နှစ်ဦးက ပြောခဲ့တယ်လို့ ဆိုပါတယ်။
