စက်တင်ဘာ ၁၁၊ The Nation Voice
နယူးဇီလန်မှာ ငှက်ကြည့်တဲ့သင်္ဘောတစ်စင်း ဝေလငါးနဲ့တိုက်မိကာမှောက်ပြီးနောက် လူ (၅) ဦးသေဆုံးခဲ့ပါတယ်။ စနေနေ့က ဂူ့စ်ပင်လယ်အော်မှာ သင်္ဘောမှောက်ချိန် ငှက်ကြည့်တဲ့အဖွဲ့ကလူအများစုပါဝင်တဲ့လူ (၁၁) ဦး သင်္ဘောပေါ်မှာပါလာပါတယ်။ ဘာကြောင့်ဒီဖြစ်ရပ်ဖြစ်ခဲ့သလဲဆိုတာ ရဲတွေကမှတ်ချက်ပြုဖို့ ငြင်းဆိုပြီး တိုက်မိတာကြောင့်မှောက်တယ်ဆိုတာကိုလည်း အတည်မပြုပါဘူး။
ဒါပေမဲ့ သင်္ဘောဟာ ရေပေါ်တက်လာတဲ့ဝေလငါးတစ်ကောင်နဲ့တိုက်မိတယ်လို့ ယူဆကြောင်း သင်္ဘောမှောက်တဲ့နားမှာရှိတဲ့ ကိုင်ကူရာမြို့ရဲ့မြို့တော်ဝန် ခရိတ် မက်ကယ်က သတင်းထောက်တွေကိုပြောပါတယ်။ ပင်လယ်အော်ကအခြေအနေတွေက အသင့်တော်ဆုံးအချိန်ဖြစ်ခဲ့ပြီး ဝေလငါးရေအောက်ကနေပေါ်လာလို့ သင်္ဘောမှောက်ခဲ့တယ်လို့ အရာရှိတွေက ယူဆထားကြောင်းလည်း ပြောပါတယ်။ အကယ်၍ ရေအောက်မှာရှိတဲ့အပျက်အစီးတခုခုကိုသာ တိုက်မိတယ်ဆိုရင် (၂၈)ပေရှည်တဲ့သင်္ဘောမှာ အပေါက်ရာကျန်ခဲ့နိုင်ပေမဲ့ ကျန်မနေဘူးလို့လည်း သူကပြောပါတယ်။
မာလိန်မှုးအပါအဝင် သင်္ဘောမှောက်မှုမှာ အသက်ရှင်ကျန်သူတွေကို ဆေးကုသမှုပေးနေတယ်လို့လည်း အသိပေးပါတယ်။ ကိုင်ကူရာမြို့ဟာ ရေနေသတ္တဝါစိတ်ဝင်စားသူတွေကြားလူသိများပြီး ဝေလငါးတွေနဲ့ လင်းပိုင်တွေကြည့်နိုင်အောင် ဒေသစီးပွားရေးလုပ်ငန်းတွေက သင်္ဘောခရီးစဉ်နဲ့ ရဟတ်ယာဉ်ခရီးစဉ်တွေစီစဉ်ပေးပါတယ်။ ဝေလငါးနဲ့တိုက်မိလို့သင်္ဘောမှောက်တဲ့ဖြစ်စဉ်မျိုး မကြားမိပေမဲ့ ပြီးခဲ့တဲ့ရက်တွေက ဝေလငါးတွေများလာတာကြောင့် တိုက်မိနိုင်တယ်လို့ စိုးရိမ်ခဲ့တယ်လို့လည်း မက်ကယ်ကပြောပါတယ်။ #thenationvoicemyanmar #internationalnews #နိုင်ငံတကာသတင်း #နယူးဇီလန် #သင်္ဘော #ဝေလငါး

