ပြည်ပရောက်မြန်မာအလုပ်သမားတစ်ချို့က အလုပ်နားချိန်မှာ ဘူးခွံ၊ ပုလင်းခွံတွေကောက်ပြီး အပိုဝင်ငွေရအောင် ဖန်တီးနေတာကို ဝမ်းနည်း ဝမ်းသာဖြစ်ရတယ်လို့ ဗိုလ်နဂါးပြော

စက်တင်ဘာ ၁၁၊ The Nation Voice

ပြည်ပနိုင်ငံအသီးသီးက တော်လှန်ရေးကို အားစိုက်ထုတ်ပေးနေကြတဲ့ Fundraisers တွေနဲ့ တွေ့ရတဲ့အခါ ပြည်ပရောက် အစ်ကိုအစ်မများရဲ့ စကားတွေကြောင့် “ဝမ်းနည်း ဝမ်းသာ ” ဖြစ်ရတယ်လို့ ဗိုလ်နဂါးက မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ လူမှုကွန်ယက်ကတစ်ဆင့် အသိပေးဖော်ပြပါတယ်။

အကြောင်းအရင်းကတော့ နိုင်ငံတစ်ခုရဲ့ ထောက်ပို့အဖွဲ့တစ်ဖွဲ့ဟာ အလုပ်ချိန်ပြီးတဲ့အခါမှာ စက်ရုံနားက ဘူးခွံတွေ ၊ ပုလင်းခွံတွေလိုက်ကောက်ပြီး အပိုဝင်ငွေရဖို့ ဖန်တီးနေကြပြီး တော်လှန်ရေးမှာ ပိုမိုကူညီနိုင်အောင်လုပ်ဆောင်နေကြတာကြောင့်ပဲဖြစ်ပါတယ်။ “ မရှက်ပါဘူးတဲ့၊ ရိုးရိုးသားသားနဲ့ ငွေရဖို့ ကြိုးစားတာ၊ ကိုယ့်တိုင်းပြည်အတွက် တစ်လ နှစ်သိန်းရရ၊ သုံးသိန်းရရ အစ်မတို့ လုပ်ကြတယ်တဲ့။ ကျွန်တော်တို့မှာ ဝမ်းနည်းဝမ်းသာ ဖြစ်ရပါတယ် ” လို့ ဗိုလ်နဂါးက ရေးသားထားပါတယ်။

ဒါ့အပြင် အနောက်ဘက်နိုင်ငံတစ်ခုရဲ့ ထောက်ပို့အဖွဲ့ တစ်ခုရဲ့ လူပုဂ္ဂိုလ်တစ်ဦးကလည်း ဗိုလ်နဂါးတို့ကို ပိုလှူနိုင်ဖို့ ပိုထောက်ပံ့နိုင်ဖို့ အချိန်ပိုတွေ ပိုဆင်းမယ်လို့ ပြောဆိုခဲ့ပြီး MRDA ရဲ့ ရဲဘော်တွေအနေနဲ့လည်း အရက်၊ ဘီယာ လုံးဝ မသောက်ရ၊ အသေးစားတိုက်ပွဲလေးတွေအောင်ပြီလို့ အောင်ပွဲမခံရဆိုတဲ့ စည်းကမ်းတွေကို ချမှတ်သွားမယ်လို့လည်းဆိုပါတယ်။

တော်လှန်ရေးအောင်နိုင်ဖို့အတွက် ထောက်ပံ့ကူညီပေးတာတွေကို လိုအပ်တဲ့နေရာတွေဆီရောက်အောင် အလေအလွင့် နည်းနိုင်သမျှ နည်းအောင် ကြိုးစားလုပ်ဆောင်နေပြီး မနေသာတဲ့သူတွေ မနေသာဘဲ ကြိုးစားနေကြတော့ ဒီတော်လှန်ရေး ဒီအခါမှ မအောင်ရင် ဘယ်အခါ အောင်နိုင်မှာလဲလို့ ဗိုလ်နဂါးက ပြောဆိုလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *