စက်တင်ဘာ ၁၁၊ The Nation Voice
ချင်းပြည်နယ်၊မင်းတပ်မြို့၊ခွီးရိန်ရွာရှိ ပြည်သူ့နေအိမ်တွေအပေါ် စစ်ကောင်စီတပ်က မနေ့က စက်တင်ဘာ ၁၀ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူလူထုနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်ပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုရှိမရှိကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
စစ်ကောင်စီတပ်ဟာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲ အပြစ်မဲ့ပြည်သူတွေ ရှိရာကိုရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ မင်းတပ် CDF က ထုတ်ပြန်ထားပါတယ်။ “ယခု တစ်ကြိမ်မှာလဲ ဖျက်အားပြင်း လက်နက်ကြီးများ အပြစ်မဲ့ပြည်သူ့နေအိမ်များနှင့် အနီးဝန်းကျင်များပေါ် ကျရောက်ပေါက်ကွဲပြန်ပါပြီ။ လူစိတ်မရှိတဲ့ အာဏာရှင် အမြစ်ပြုတ်ဖို့အရေးပြည်သူများ အားလုံး ဆက်လက်ပြီး အဆုံးထိ ပူးပေါင်းပါ၀င် ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
စစ်ကောင်စီတပ်တွေ အနေနဲ့တော်လှန်ရေးကာလကြာမြင့်လေ ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်စီးနေအုံးမှာ ဖြစ်လို့ အထိခိုက်များလေဖြစ်နေဦးမယ်လို့ ဖော်ပြထားပါတယ်။ အရင်ကလည်း မင်းတပ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့လို့ အရပ်သားပြည်သူတွေ သေဆုံးထိခိုက်မှုရှိခဲ့ပါတယ်။











