စက်တင်ဘာ ၁၁၊ The Nation Voice
စစ်ရေးအရ အချက်အခြာကျတဲ့ မိုးဗြဲဒေသကို စစ်ကောင်စီတပ်တွေက လေးရက်မြောက်တဲ့အထိ ထိုးစစ်ဆင်နေပြီး ခုခံကာကွယ်နေတဲ့ ကရင်နီတပ်တွေဘက်က နေပြည်တော် PDF ကလည်း လက်နက်ကြီး ပစ်ကူပေးနေတယ်လို့သိရပါတယ်။ စက်တင်ဘာ (၈) ရက်က စတင်ပြီး မိုးဗြဲဒေသကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီတပ်ပေါင်းစုက ခုခံခဲ့တာကြောင့် ပထမရက်နဲ့ ဒုတိယရက်မှာပဲ စစ်ကောင်စီတပ်တွေ အကျအဆုံးများစွာနဲ့ ဆုတ်ခွာသွားခဲ့ပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်တွေက လက်မလျော့ဘဲ လွိုင်ကော်မြို့ပေါ်မှာ စစ်အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ပြီး မိုးဗြဲဒေသကို လက်နက်ကြီးပစ်ကူ၊ လေယာဥ်ပစ်ကူတွေနဲ့အတူ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် နေပြည်တော် PDF ကလည်း ကရင်နီတပ်ပေါင်းစုဘက်ကနေ ကိုယ်တိုင်ထုတ်လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ ကရင်နီ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ နေ့စဉ်ထိုးစစ်ဆင်တိုက်ခိုက်ခံနေရတဲ့ ကရင်နီတပ်ပေါင်းစုဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိနေပြီးတော့ အဓိက လိုအပ်ချက်မှာ ကျည်အင်အား နည်းပါးနေတဲ့အတွက် ပြည်သူလူထုအနေနဲ့ ပါဝင်ကူညီအားဖြည့်ပေးဖို့ ကရင်နီတပ်တွေက တောင်းဆိုထားကြပါတယ်။
