စက်တင်ဘာ ၁၁၊ The Nation Voice
သားတော်ချားလ်စ်မင်းသားကို ဗြိတိန်ဧကရာဇ်အဖြစ်တရားဝင်ကြေညာခဲ့ပြီး လာမယ့်စက်တင်ဘာ ၁၉ ရက် တနင်္လာနေ့မှာ အယ်လိဇဘတ်သ်ဘုရင်မကြီးရဲ့ဈာပနနိုင်ငံအဆင့်ကျင်းပမယ်လို့ တော်ဝင်အရာရှိတွေက စနေနေ့မှာပြောပါတယ်။ ဘုရင်မကြီးနတ်ရွာစံတာနဲ့ မယ်တော်ရဲ့ထီးနန်းကို သားတော်ချားလ်စ်မင်းသားက ချက်ချင်းဆက်ခံခွင့်ရခဲ့ပေမဲ့ စနေနေ့မှာမှ နန်းမွေဆက်ခံရေးကောင်စီအစည်းအဝေးပြုလုပ်ပြီး တရားဝင်ထီးနန်းလွှဲပြောင်းပေးခဲ့တာပါ။
သက်တော် ၉၆ နှစ်မှာကံတော်ကုန်ခဲ့တဲ့ဧကရီ အယ်လိဇဘတ်သ်နတ်ရွာစံမှုကြောင့် တော်ဝင်မိသားစုနဲ့ ဗြိတိန်နိုင်ငံသားတွေသာမက ကမ္ဘာတဝန်းကပါ ဝမ်းနည်းပူဆွေးနေကြတာပါ။ “သူက မပျက်မစီးနိုင်ဘူးလို့ အားလုံးကတွေးထားကြတာ”လို့ ချားလ်ဘုရင်နောက်ပိုင်းထီးနန်းဆက်ခံရဖို့အတည်ပြုပေးထားတဲ့ မြေးတော်ဝီလီယံမင်းသားကပြောပါတယ်။ ဘုရင်မကြီးရုပ်အလောင်းကို တနင်္ဂနွေနေ့မှာ သူကွယ်လွန်ခဲ့တဲ့စကော့တလန်က ဘယ်မိုရယ်ရဲတိုက်ကနေ စကော့တလန်မြို့တော် အီဒင်ဘာ့ဂ်ကို သယ်ဆောင်မှာဖြစ်ပြီး ၆ နာရီကြာမယ့်ခရီးစဉ်မှာ လမ်းတလျှောက်ကလူတွေကို အရိုအသေပြုခွင့်ပေးထားပါတယ်။
အင်္ဂါနေ့မှာတော့ လန်ဒန်ကို လေယာဉ်နဲ့သယ်လာပြီး ဘက်ကင်ဟမ်နန်းတော်မှာဆက်ထားထားမှာပါ။စက်တင်ဘာ ၁၉ ရက်မှာတော့ ဈာပနအခမ်းအနားပြုလုပ်မှာဖြစ်ပါတယ်။









