စက်တင်ဘာ ၁၂၊ The Nation Voice
ပြည်သူလူထုကို ရန်ရှာနေတဲ့ စစ်ကောင်စီတပ်ရဲ့ နေဝင်ချိန်ဟာ မဝေးတော့ဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြည်သူ့ဘက် ရပ်တည်လာတဲ့ ပြည်သူ့သားကောင်းတွေကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ စိတ်ဓါတ်၊ စည်းကမ်း၊ ကျင့်ဝတ် ကင်းမဲ့ရုံမက စစ်တိုက်နိုင်စွမ်းမရှိတော့ဘူးလို့လည်း ဝန်ကြီးက ပြောပါတယ်။
“အပြစ်မဲ့ပြည်သူကို ရန်ရှာ၊ မီးရှို့၊ သတ်ဖြတ်ဖို့သာတတ်နိုင်တော့တဲ့ လက်မရွံ့လူသတ်ဓားပြဂိုဏ်း အဆင့်ကို လျောကျသွားခဲ့ပြီလည်း ဖြစ်တယ်။ ဒီအချက်က စစ်အုပ်စုရဲ့နေဝင်ချိန် မဝေးတော့ဘူး ဆိုတာကို ပြတယ်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့သားကောင်းတွေအဖြစ် မှတ်ယူကြောင်း၊ ပြည်သူ့သားသမီးတွေပီပီ ပြည်သူဘက်ကရပ်တည်ဖို့၊ ပြည်သူနဲ့ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ရဲဘော်တို့ရဲ့ အသိဉာဏ်ပညာအတွက် ဂုဏ်ယူလေးစားကြောင်း စက်တင်ဘာ ၁၁ရက်က ပေးပို့တဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
“အခုဆို ရဲဘော်တို့ဟာ ပြည်သူ့ကွယ်ရေးတပ်မတော် PDF ရဲဘော်များအဖြစ်ခံယူပြီးဖြစ်ရုံမက လက်တွေ့တော်လှန်ရေးမှာ ပါဝင်နေကြပြီလည်းဖြစ်တယ်။ ဒီသတင်းကို ပြည်သူတွေကြားရင် ဂုဏ်ယူမဆုံး ရှိလိမ့်မယ်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ လက်နက်အားကိုးပြီး ပြည်သူကို ရန်ပြုနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို လက်နက်ကိုင် တွန်းလှန် ဖယ်ရှားပစ်ဖို့က လတ်တလော တာဝန်ဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

