ဘယ်လောက်သေသေ ကော်ဘရာစစ်ကြောင်းရှိရာနေရာကို စစ်ကောင်စီတပ်တွေ ကျူးကျော်ဖို့ ကြိုးစား

စက်တင်ဘာ ၁၂၊ The Nation Voice

ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ လေးကေ့ကော်မြို့သစ်ရှိ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်ရင်း (၂၇)၊ ကော်ဘရာစစ်ကြောင်း တပ်ခွဲ(၁) လုံခြုံရေးတာဝန်ယူထားတဲ့ ရပ်ကွက်(၆) မှာ မနေ့ကညက နယ်မြေကျူးကျော်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ဘူးလို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီဘက်က ထိခိုက်၊ သေဆုံးမှု ရှိနိုင်ပေမယ့် အရေအတွက် အတိအကျကို စိစစ်၊ စုံစမ်းနေတာကြောင့် အတည်တော့မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်ရှိ ကျော်ဝါးဘိုးကုန်းမှာအခြေပြုထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က (၁၂၀) မမ လက်နက်ကြီးတွေနဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်ရင်း (၂၇)၊ ကော်ဘရာစစ်ကြောင်း ပူပေါင်းတပ်ဖွဲ့တွေကို ဒီနေ့ စက်တင်ဘာ (၁၂) ရက်၊ မနက် (၁)နာရီခန့်ကနေ (၃) နာရီခန့်အထိတစ်ကြိမ်၊ မနက် (၉)နာရီခန့်ကနေ (၁၁) နာရီခွဲခန့် အထိတစ်ကြိမ် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ပြည်သူလူထုက အစဉ်မပြတ် ပို့သတဲ့ မေတ္တာဖြင့် စစ်သည်တော်တွေ တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲ ဘေးကင်းလုံခြုံလျက်ရှိတယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *