စက်တင်ဘာ ၁၂၊ The Nation Voice
CDM ဝင်ရောက်ပြီး PDF အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းမှ တပ်ဖွဲ့ဝင် (၁၇)ဦးကို ဂုဏ်ပြုဆုငွေချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ခုခံတွန်းလှန်စစ် (၁)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဂန့်ဂေါခရိုင် အမှတ် (၃)တပ်ရင်းနဲ့ အမှတ် (၅) တပ်ရင်းတွေမှာ PDF ရဲဘော်တွေအဖြစ် တာဝန်ထမ်းဆောင်နေကြတဲ့ CDM စစ်သားနဲ့ ရဲသား (၁၇)ဦးကို ဂုဏ်ပြုပွဲ မနေ့ စက်တင်ဘာ (၁၁) ရက်က ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အခမ်းအနားမှာ CDM ရဲဘော်တွေက သူတို့ CDM ပြုလုပ်စဉ်ပါလာတဲ့ လက်နက်များ အပ်နှံခြင်း၊ CDM ရဲဘော်များအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီအခမ်းအနားသို့ တိုင်း၊ ခရိုင် တာဝန်ရှိသူများ၊ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများ၊ ပကဖ၊ ပအဖ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အသီးသီး အမှာစကား ပြောကြားခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။




