စက်တင်ဘာ ၁၃၊ The Nation Voice
စစ်ရာဇဝတ်မှုနဲ့လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်တွေမှန်ကန်ကြောင်းသက်သေပြနိုင်မယ့် အထောက်အထားသန်းချီကို ဖေ့စ်ဘွတ်က အပ်နှံတယ်လို့ ကုလသမဂ္ဂရဲ့ လွတ်လပ်သောမြန်မာနိုင်ငံဆိုင်ရာစုံစမ်းထောက်လှမ်းရေးယန္တရား(IIMM)အဖွဲ့ခေါင်းဆောင်က တနင်္လာနေ့မှာပြောပါတယ်။ IIMM ဟာ နိုင်ငံအဆင့်၊ဒေသအဆင့်နဲ့ နိုင်ငံတကာအဆင့်တရားရုံးတွေမှာ အဲဒီဖြစ်ရပ်တွေအတွက် အမှုဖွင့်တရားစွဲဆိုဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ လုပ်ငန်းစတင်ခဲ့တာပါ။
“ကိုယ့်ရဲ့အထောက်အထားကို တလွဲဖော်ပြလို့ကုမ္ပဏီကဖျက်ချခဲ့တဲ့အကောင့်ကွန်ရက်ထဲက အကြောင်းအရာသန်းချီကို ဖေ့စ်ဘွတ်က IIMM ကို အပ်နှံခဲ့ပါတယ်”လို့ IIMM အကြီးအကဲ နီကိုလပ်စ် ကူမီဂျန်က ဂျီနီဗာမြို့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို မိန့်ခွန်းပြောရမှာပြောပါတယ်။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို စစ်တပ်ကဖြိုခွင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)မှာ လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်တွေရင်ဆိုင်နေရပါတယ်။
ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိအောင် နိုင်ငံတကာရဲ့ကြိုးစားအားထုတ်မှုတွေကိုထောက်ခံတယ်လို့ ဖေ့စ်ဘွတ်က ပြောပါတယ်။ မြန်မာနိုင်ငံကအကြမ်းဖက်မှုတွေကို မီးထိုးပေးတဲ့အမုန်းစကားတွေဖြန့်ချိရာမှာ ဖေ့စ်ဘွတ်ပါဝင်ခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းရေးမှူးတွေက ၂၀၁၈ ခုနှစ်မှာပြောပြီး အမုန်းစကားတွေဟန့်တားဖို့ လုပ်ဆောင်နေတယ်လို့ ဖေ့စ်ဘွတ်ကပြောပါတယ်။ ဖေ့စ်ဘွတ်ရဲ့သက်သေတွေနဲ့ တခြားသတင်းရင်းမြစ်(၂၀၀) ကျော်ဆီက ရင်းမြစ်တွေရထားတဲ့ IIMM က သက်သေနဲ့ခွဲခြမ်းစိတ်ဖြာလေ့လာမှု ၆၇ စုံတင်ပြဖို့ရှိနေပြီး နိုင်ငံတကာရာဇဝတ်မှုတရားရုံး(အိုင်စီစီ)နဲ့ အိုင်စီဂျေအပါအဝင် တရားရေးအာဏာပိုင်တွေကို ဝေမျှသွားလိုတယ်လို့လည်း ကူမီဂျန်ကဖြည့်စွက်ပြောဆိုပါတယ်။
အိုင်စီစီအဖွဲ့ဝင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အတင်းအဓမ္မတွန်းပို့ခံရတဲ့ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ပတ်သက်ပြီး နေရပ်ပြန်ပို့ဖို့နဲ့ လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ပြစ်မှုတွေအတွက် အိုင်စီစီကလည်း အမှုဖွင့်ထားပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ခဲ့တယ်ဆိုတာကို မြန်မာဘက်က ငြင်းဆိုထားပြီး လက်နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်သွေးကြွတွေကိုနှိမ်နှင်းဖို့ တရားဝင်စစ်ဆင်ရေးတွေပြုလုပ်ခဲ့တယ်လို့ မြန်မာဘက်ကပြောထားပါတယ်။

Source – Reuters Photo – Reuters