မြို့တွင်း စစ်ဆင်ရေးတွေဆင်နွှဲရင် ပြည်သူတွေ ပူးပေါင်းပါဝင်ကူညီကြဖို့ ပူတာအို PDF မေတ္တာရပ်ခံ

စက်တင်ဘာ ၁၃၊ The Nation Voice

ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေနဲ့ မြို့တွင်းစစ်ဆင်ရေး ဆင်နွဲနိုင်ဖို့ လိုအပ်တဲ့ နည်းစနစ်တွေ (drone, လက်နက်ကြီး, ဖောက်ခွဲရေးနဲ့ဆက်သွယ်ရေးနည်းပညာ)စတဲ့ စစ်ပညာတွေ ထပ်ဆင့်မွမ်းမံ သင်ယူနေကြောင်း ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ လက်ရှိတစ်နိုင်ငံလုံးစစ်ရေးအတိုင်းအတာအရ စစ်ရေးအရှိန်မြှင့်တင်ကာ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်သွားမှာဖြစ်တာကြောင့် ပြည်သူတွေက သတင်းအချက်အလက်တွေ၊ စားနပ်ရိက္ခာတွေ၊ လူအင်အားနဲ့ အချိန်ပေးပြီး ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံ ကြောင်း ပူတာအို PDF ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားတာပါ။

ဒါ့အပြင် ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လက်ရှိအချိန်ထိလုပ်ဆောင်နေဆဲ ဆောင်ရွက်ချက်တွေကိုလည်း အသိပေးခဲ့ပါတယ်။ ပူတာအိုဒေသလူငယ်တွေဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIO/ KIA ဆီကို အခြေခံစစ်ပညာသင်ယူပြီး ပြည်သူ့ကာကွယ်ရေးလုပ်ငန်းဖြစ်တဲ့ မြစ်ကြီးနား – ပူတာအို ကားလမ်းတလျှောက် မူးယစ်ဆေးဝါးတွေ ဖမ်းဆီးတာ၊သူခိုးနဲ့လူလိမ်တွေကိုဖမ်းဆီးတာ၊စစ်ကောင်စီနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲပေါင်း( ၅ဝ) နဲ့အထက် ဆင်နွှဲနိုင်ခဲ့တာ စတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် တို့ရဲ့ လမ်းညွန်မှုအရ ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပူတာအိုဒေသကြားကာလပြည်သူ့အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ရာမှာ ပြည်သူ့လုံခြုံရေးနဲ့ ဌာနဆိုင်ရာဆိုင်ရာအသီးသီးမှာ ပြည်သူနဲ့အတူ တာဝန်ယူဦးစီးဆောင်ရွက်ဖို့ တာဝန်ပေးထားလျက်ရှိတယ်လို့ ဆိုပါတယ်။ဆက်လက်ပြီး ဖက်ဒရယ် တပ်မတော်အခန်းကဏ္ဍမှာလည်း ဆက်လက် ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *