စက်တင်ဘာ ၁၄၊ The Nation Voice
အာဏာသိမ်းပြီးတဲ့နောက် မင်းအောင်လှိုင်က အကျဉ်းထောင်အသီးသီးကနေ ခိုး၊ ဆိုး၊ လုနှိုက် အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ သူတွေက ဂိုဏ်းဖွဲ့ကာ မုဒိမ်းကျင့်တာ ၊လူသတ်၊ ပစ္စည်းလုတာတွေကို ကျူးလွန်ခဲ့ကြတယ်လို့ Chindwin Attack Froce က ထုတ်ပြန်ပါတယ်။ အဲဒီအဖွဲ့ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးခဲ့ရာ ဂိုဏ်းအဖွဲ့ဝင်တစ်ဦးဟာ စစ်ဆေးနေစဉ် သေဆုံးသွားခဲ့ပြီး ဂိုဏ်းခေါင်းဆောင် ဇော်ဦး (ခ) ဆံရှည်ကို သွားရောက်ဖမ်းဆီးရာမှာတော့ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ သူတွေထဲက ဂိုဏ်းအဖွဲ့ဝင်တစ်ဦးရဲ့ ဝန်ခံထွက်ဆိုချက်အရ သူတို့ဟာ လူသတ်မှု (၃၄) မှု၊ မုဒိမ်းမှု (၂၄) မှုနဲ့ လုယက်မှု၊ ခိုးမှုတွေကို ကျူးလွန်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပြီး မုဒိမ်းကျင့်ခဲ့အမျိုးသမီးတွေဟာ အသက် (၁၄) နှစ်ကနေ (၃၈) နှစ်လောက်အထိ အသက်အရွယ်ရှိသူတွေဖြစ်တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ ရာဇဝတ်ဂိုဏ်းဝင် ငြိမ်းချမ်းဦး (ခ) ဂျပန်ကြီးကို စက်တင်ဘာလ (၁) ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ကာ စစ်ဆေးနေစဉ် စက်တင်ဘာလ (၃) ရက်နေ့မှာ ဆေးယင်းထပြီး နှလုံးဖောက် သေဆုံးသွားတယ်လို့ Chindwin Attack Force က ဆက်လက်ထုတ်ပြန်ထားပါတယ်။ အဲဒီ ခိုးဆိုးလုနှိုက်ရမ်းကားနေတဲ့ ဂိုဏ်းအဖွဲ့တွေကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ရဲ့ Monywa The Boys နဲ့ အထူးစုံစမ်းစစ်ဆင်ရေးအဖွဲ့က လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
