စက်တင်ဘာ ၁၄၊ The Nation Voice
တနင်္လာနေ့ညပိုင်းက အာမေးနီးယားနိုင်ငံနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ကြားတိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် စစ်သား (၁၀၀)နီးပါးသေဆုံးခဲ့ပါတယ်။
ညသန်းခေါင်ထိပ်တိုက်ရင်ဆိုင်မှုတွေကြောင့် စစ်သား(၄၉)ဦးသေဆုံးခဲ့တယ်လို့ အာမေးနီးယားဝန်ကြီးချုပ် နီကို ပါရှင်ယန်ကပြောပြီး စစ်မှုထမ်း (၅၀)ကျဆုံးခဲ့တယ်လို့ အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။
အိမ်နီးချင်းနိုင်ငံ(၂)နိုင်ငံဟာ စစ်ပွဲ(၂) ကြိမ်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ဆယ်စုနှစ် (၃)ခုအတွင်းမှာလည်း ပုံမှန်အသေးစားထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားလေ့ရှိပါတယ်။
အင်္ဂါနေ့မှာတော့ အခုနောက်ဆုံးတိုက်ပွဲတွေအတွက် ရုရှားက အပစ်ရပ်ရေးကြားဝင်စေ့စပ်ခဲ့ပါတယ်။
တိုက်ပွဲတွေလုံးဝပြီးသွားတာထက် ငြိမ်သွားတယ်လို့ အာမေးနီးယားဘက်က အစောပိုင်းမှာပြောပေမဲ့ အိမ်နီးချင်းနိုင်ငံရဲ့ကျူးကျော်မှုတွေနောက်ပိုင်း ရည်မှန်းချက်တွေပြည့်မြောက်သွားပြီလို့ အဇာဘိုင်ဂျန်ဘက်ကနောက်ပိုင်းမှာပြောပါတယ်။
အခုတိုက်ပွဲတွေအတွက် နှစ်နိုင်ငံက တဖက်နဲ့တဖက်အပြန်အလှန်အပြစ်တင်နေကြပါတယ်။
နှစ်ဖက်ကြားအငြင်းပွားမှုတွေရဲ့အဓိကအချက်က နိုင်ငံတကာက အဇာဘိုင်ဂျန်ပိုင်လို့သတ်မှတ်ထားပေးပေမဲ့ အာမေးနီးယားတိုင်းရင်းသားတွေအများစုနေထိုင်ကြတဲ့ နာဂေါ်နို-ကာရာဘာ့ဒေသဖြစ်ပါတယ်။
ခရစ်ယာန်အများစုဖြစ်ကြတဲ့ အာမေးနီးယားနဲ့ မွတ်ဆလင်အများစုဖြစ်ကြတဲ့ အဇာဘိုင်ဂျန်တို့ကြား ယဉ်ကျေးမှုသာမက နိုင်ငံရေးနဲ့ ကိုးကွယ်ယုံကြည်မှုကွဲပြားတာကလည်း နှစ်နိုင်ငံကြားတင်းမာမှုတွေကို ပိုမိုပြင်းထန်လာစေခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးဟာ ၁၉၉၁ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့တစိတ်တပိုင်းပါဝင်ခဲ့တာပါ။
၁၉၈၀ ပြည့်နှစ် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ နှစ်နိုင်ငံကြားအငြင်းပွားမှုတွေကအစပြုပြီး စစ် ၂ ကြိမ်ဖြစ်ခဲ့သလို ၂၀၂၀ ပြည့်နှစ်တုန်းကလည်း တစ်လခွဲကြာစစ်ဖြစ်ခဲ့တဲ့အပြင် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

Photo – Getty Images