AA နဲ့ စစ်ရေးတင်းမာနေတယ်ဆိုတာ မဟုတ်မှန်ကြောင်း ပလက်၀ CDF ရှင်းလင်း

စက်တင်ဘာ ၁၄၊ The Nation Voice

ချင်းပြည်နယ်၊ပလက်၀မြို့နယ်အတွင်းမှာ ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF)တွေနဲ့ ရက္ခိုင့်တပ်တော်(AA) အကြား အခြေအနေ တင်းမာတယ်လို့ ဖော်ပြချက်တွေဟာ မှန်ကန်မှုမရှိဘူးလို့ ပလက်၀ CDF က ဒီကနေ့ ရှင်းလင်းခဲ့ပါတယ်။ ပလက်၀ CDF တပ်ဖွဲ့ဝင်တွေ AA ဆီမှာ စစ်သင်တန်းတက်နေတယ်ဆိုတာရယ် နောက်ပြီး ပလက်၀မြို့နယ် သံထောင်နယ်မြေမှာ ဒေသခံ CDF နဲ့ AA တို့ အခြေအနေတင်းမာနေတယ်ဆိုတဲ့အချက်ရယ်ကို လူမှုကွန်ရက်မှာ ရေးသားဖော်ပြမှုတွေရှိလာတဲ့ အပေါ် ပလက်၀ CDF က အခုလို ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

“CDF Paletwa က မည်သည့် တပ်ဖွဲ့ဝင်တစ်စုံတယောက်မျှ AA ဆီမှာ စစ်သင်တန်း တက်ရောက်ခဲ့တာ/နေတာ မရှိပါ။ နောင်လည်း မရှိနိုင်ပါ။ CDF Paletwa ဟာ CJDC(ချင်းလက်နက်ကိုင် ၁၈ဖွဲ့ဖြင့် စုပေါင်းထားသည့် ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ) အဖွဲ့ဝင်ဖြစ်တာကြောင့် CDF Paletwa အနေနဲ့ စစ်သင်တန်းတက်ရောက်နိုင်တဲ့နေရာတွေ လုံလုံလောက်လောက်ရှိပါတယ်” လို့ ပလက်၀ CDFက AA ဆီမှာ စစ်သင်တန်း တက်ရောက်မှု မရှိတဲ့အပေါ် ထုတ်ပြန်ရှင်းလင်းခဲ့ပါတယ်။

“ အားလုံးဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြတဲ့ အဖွဲ့အစည်းအချင်းချင်းသာဖြစ်ပါတယ်” လို့လည်း ပလက်၀ CDFက ဖော်ပြထားပါတယ်။ CDF တပ်ဖွဲ့များနဲ့ AA အကြား အခြေအနေတင်းမာမှုမရှိကြောင်း၊ပလက်၀ CDF အပေါ် ထင်ယောင်ထင်မှား နားလည်မှုလွဲမှားအောင် မဟုတ်မမှန် စွပ်စွဲရေးသားနေတာတွေကို အထူးသတိရှိကြဖို့ အသိပေးလိုကြောင်း ပလက်၀ CDF က ထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *