စစ်ကောင်စီ လက်ပါးစေ ပအိုဝ်းပြည်သူ့စစ်က ပအိုဝ်း PNLA တပ်ဖွဲ့ဝင် ငါးဦးကိုသတ်ဖြတ်

စက်တင်ဘာ ၁၅၊ The Nation Voice

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO/PNA ဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) တပ်ဖွဲ့ဝင် (၅)ဦးကို မနေ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ PNLO က ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်လောင်းမြို့နယ်၊ပင်မွန်းကျေးရွာအုပ်စု၊ဝါးပြုံးကျေးရွာမှာ စစ်တင်ဘာ ၁၄ရက် မွန်းလွဲပိုင်းက PNLO/PNLA ရဲ့ ဒုစုမှူး အပါအဝင် (၅)ဦးကို ရန်ငြိုးရန်စ မရှိဘဲ PNO/PNA ပြည်သူ့စစ်အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒီလို သတ်ဖြတ်မှု အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း PNLO က ထုတ်ပြန်ခဲ့ပြီး ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ PNLO တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးခွန်မင်းသိမ်းက ပအိုဝ်း လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း ကြားမှာ အခုလို ဖြစ်စဉ်မျိုး အရင်က မရှိခဲ့ဖူးဘူးလို့ ပြောပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ PNLA တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကိုလည်း PNO ပအိုဝ်းပြည်သူ့စစ်က သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။ ပအိုဝ်း ပြည်သူ့စစ်ဟာ ရှမ်းတောင်နဲ့ ကရင်နီဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ပူးတွဲလှုပ်ရှားနေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *