စက်တင်ဘာ ၁၅၊ The Nation Voice
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေကို ဆက်သွယ်သွားလာနေတဲ့ အမြန်ရေယာဉ်တွေ သွားလာခွင့်ကို စစ်ကောင်စီက ဒီကနေ့က စပြီး ယာယီပတ်ပင်ထားတယ်လို့ ဒေသခံက ပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA)က စက်တင်ဘာ ၁၄ရက်မှာ အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီး စစ်ရေးအခြေအနေတွေအရ ရခိုင်ဒေသက ရေလမ်း၊ကုန်းလမ်းသွား ယာဉ်တွေကို စစ်ဆေးမှုတွေလုပ်ဆောင်မယ်လို့ အသိပေးခဲ့ပြီးနောက် စစ်ကောင်စီကလည်း အခုလို ပိတ်ပင်ခဲ့တာလို့ဆိုပါတယ်။
“ကျွန်တော်မြင်တာ ၂ချက်ရှိတယ်။ တစ်ချက်က ပြည်သူလူထုကို သူတို့ ဒုက္ခပေးတာ။ နောက်တစ်ချက်က ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက သူတို့က မောင်တောဘက်ကို စစ်တွေ ၊ ဘူးသီးတောင် ပြေးဆွဲနေတဲ့ အမြန်ယာဉ်တွေပေါ်မှာ သူတို့ နယ်ခြားစောင့်တွေ လက်နက်အပြည့်အစုံနဲ့ ခရီးသွား ပြည်သူတွေနဲ့ အတူ လိုက်ပါတာတွေရှိတယ်။ အဓိကတော့ ဒေသခံ ပြည်သူလူထုကို အကြပ်ကိုင်တာ ခြိမ်းခြောက်တာ၊ နစ်နာအောင်လုပ်တာ” လို့ ရခိုင်ဒေသခံက ပြောပါတယ်။
အမြန်ရေယာဉ်တွေကိုဘယ်အချိန်ထိ ပိတ်ပင်မယ်ဆိုတာကို စစ်ကောင်စီကအသိပေးထားခြင်းမရှိကြောင်း ဒေသခံက ပြောပါတယ်။
ဩဂုတ်လလယ်ကစပြီး ချင်းပြည်နယ် ပလက်၀၊ ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းနဲ့ တခြားမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ AA တို့အကြား တိုက်ပွဲတွေ၊ မိုင်းဆွဲတိုက်ခိုက်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အခုထက်ပိုပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း AA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
