စက်တင်ဘာ ၁၅၊ The Nation Voice
မကွေးတိုင်း၊ ယောဒေသ YDF တပ်ရင်း (၁၅)က ပြုလုပ်တဲ့ “M4လည်းလှူ iphone ယူ “အစီစဥ်မှ မဲပေါက်သူ ထိန်းသိမ်းခံထားရတာကြောင့် iPhone တစ်လုံးရဲ့ကာလတန်ကြေးကျပ်(၂၂)သိန်းကို မိသားစုထံ လွှဲပြောင်းပေးခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။ “M4လည်းလှူ iphone ယူ”အစီစဥ်အား ဇူလိုင် (၁၇) ရက်မှ သြဂုတ် (၃၁) ရက်အထိ မဲလက်မှတ် (၁,၂၀၀) ရည်မှန်းချက်ထား ရောင်းချခဲ့ပေမယ့် လက်မှတ် (၉၀၀) သာ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရောင်းချထားတဲ့ လက်မှတ်တွေကို စက်တင်ဘာ (၁) ရက်မှာ မဲဖောက်ပေးခဲ့ရာ မဲနံပါတ်(0368)က မဲပေါက်သွားခဲ့ပြီး ပိုင်ရှင်မှာ လတ်တလောတွင် အထိန်းသိမ်းခံထားရကြောင်း ကြားသိခဲ့ရတဲ့အတွက် သူ့ရဲ့မိသားစုဝင်တွေကို ကူညီသောအားဖြင့် iphone ကာလပေါက်စျေး (၂၂) သိန်းကို မဲဖောက်တဲ့နေ့မှာပဲ လွဲပြောင်းပေးအပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ” မိသားစုဝင်များမှ တပ်ရင်းစာနပ်ရိက္ခာအတွက် ၃သိန်းကျပ် ပြန်လည်လှူဒါန်းပါတယ်ခင်ဗျာ ” လို့ ဆိုပါတယ်။
ဒါကြောင့် M4 project မှရရှိငွေ ကျပ် (၆၈)သိန်းအား တပ်ရင်းမှရရှိသော အလှူငွေများဖြင့်ပေါင်းပြီး M4 သေနတ်တစ်လက် ရအောင်ဝယ်သွားမယ်လို့ YDF တပ် ရင်း (၁၅)က ထုတ်ပြန်ထားပါတယ်။
