စက်တင်ဘာ ၁၆၊ The Nation Voice
မြန်မာ့တော်ဝင်နဂါးတပ်တော် ဦးဆောင်သူ ဗိုလ်နဂါးအနေနဲ့ လုံခြုံတဲ့နေရာကနေ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဆင်နွှဲတော့မယ့် တိုက်ပွဲတွေအတွက် ကြိုးစားပြင်ဆင်မှုတွေပြုလုပ်နေပြီး သူဘေးကင်းရာမှာရှိနေတယ်လို့ ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဗိုလ်နဂါးအနေနဲ့ ပုလဲနယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ခုမှာ ဒဏ်ရာရှိပြီး စိုးရိမ်ရတယ်လို့ သတင်းမှားတွေထွက်ပေါ်နေတဲ့အတွက် သူဘေးကင်းလုံခြုံတဲ့ နေရာမှာရှိပြီး တိုက်ပွဲတွေကို ကြီးကြပ်ကွပ်ကဲနေဆဲဖြစ်ကာ အရေးကြီးတဲ့ တိုက်ပွဲတွေမှသာ မြေပြင်ကိုဆင်းပြီး တိုက်ရိုက်ကွပ်ကဲနေတယ်လို့ အသိပေးလာပါတယ်။
“ ပြည်သူကို စိတ်မပူစေချင်လို့ပြောတာဖြစ်ပါတယ်။ မြေပြင်တိုက်ပွဲတွေနဲ့ သိပ်မနီးစပ်တဲ့ ခပ်လှမ်းလှမ်းကပဲ ကွပ်ကဲတာဖြစ်ပါတယ်။ ကျွန်တော်လုံလုံခြုံခြုံနဲ့ လွတ်လပ်ငြိမ်းချမ်းမှုရတဲ့အထိ အသက်ရှင်ရပ်တည် ကြိုးစားပေးနေမှာဖြစ်ပါတယ် ” လို့ ဗိုလ်နဂါးက ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးမှာ ပါဝင်ကြလိုပေမယ့် အနေအထားအမျိုးမျိုးကြောင့် မြေပြင်မှာ တိုက်ရိုက်မပါဝင်နိုင်တဲ့သူတွေဟာ တော်လှန်ရေး အက်ပလီကေးရှင်းတွေကနေ နေ့စဉ် ကလစ်ပေးနေတဲ့ ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ရှိတဲ့အကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ပုလဲနယ်က ဗိုလ်နဂါးကို စစ်ကောင်စီက အသေရရ အရှင်ရရ လိုချင်နေတာဖြစ်ပြီး ပုလဲနယ်ကိုလည်း စစ်အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်လေ့ရှိကာ ဗိုလ်နဂါးကျဆုံးပြီဆိုတဲ့ သတင်းတွေကိုလည်း မကြာခဏ စစ်လော်ဘီတွေကတစ်ဆင့် ဖြန့်ဝေလေ့ရှိပါတယ်။
